The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၆ ရက်

   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ရုံးအမှတ်(၂၇) ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဉက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ကော်မတီဝင်များ ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရာက်ကြသည်။

   အစည်းအဝေးတွင် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဉက္ကဋ္ဌ ဒုတိယဝန်ကြီးက မိမိတို့လုပ်ငန်းဆပ်ကော်မတီကို ပေးအပ်ထားသည့် တာဝန်(၁၈)ရပ်သည် မိမိတို့ ပြည်ထောင်စုအတွင်း၌ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ထားခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ ဆပ်ကော်မတီအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများအတွက် စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည် နှင့်အမျှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ခြင်းကြောင့် ဆပ်ကော်မတီဝင် ဌာနများအနေဖြင့် မိမိတို့လျာထား လုပ်ငန်းစီမံကိန်းများကို လုပ်ဆောင်ပြီးစီးနိုင်သည်များကိုသာ လျာထားတင်ပြကြစေ လိုပါကြောင်း ပြောကြားသည်။

   ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက မိမိတို့ ဌာနအလိုက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လျာထားဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ( ၁ / ၂၀၂၄ ) ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအလိုက် ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)တွင် တင်ပြဆွေးနွေးရန်အတွက်လိုအပ်သည်များကို အချိန်မီပြုစု တင်ပြပေးစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
16-Sep-2024