The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

 ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေး သုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်ထိခိုက်ပျက်စီးခဲ့မှု၊ စက်ရုံအအေးပေး စနစ်အတွက် ရေပေးပို့လျက်ရှိသော ဘီလူးချောင်း ရေပန့်ရုံ ရေနစ်မြုပ် ခဲ့မှုအား ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှု၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှု၊ ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ကျောက်မီးသွေး ရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေ၊ ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့် ရာဂီ မုန်တိုင်း၏ အရှိန်ဖြင့် မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားပေးစက်ရုံ အအေးပေးစနစ်အတွက် ရေပေးပို့လျက်ရှိသော ဘီလူးချောင်း ရေပန့်ရုံ ရေနစ်မြုပ်ပြီး ပန့်နှင့် ဆက်စပ်ပစ္စည်းများ ရေနစ်မြုပ်ခဲ့မှု၊ ဘီလူးချောင်း ရေပန့်ရုံတွင် နုန်းများ ရာနှုန်းပြည့် ဖယ်ရှား ရှင်းလင်းပြီးစီးမှု၊ ထရန်စဖော်မာ၊ ရေပန့်မော်တာနှင့် ဆက်စပ်ပစ္စည်းများ စစ်ဆေးပြုပြင်ခြင်း ဆောင်ရွက်ခဲ့မှု၊ ပြုပြင်ပြီးစီးမှု၊ Pump များ ပြန်လည်မောင်းနှင်၍ အနည်စစ်ကန် အတွင်းသို့ ရေများပြန်လည်ပေးပို့နေမှု၊ ဓာတ်အားပေးစက်ရုံရှိ အမှတ်(၁) ဓာတ်အားပေးစက် ပြန်လည် လည်ပတ်၍ ဓာတ်အားထုတ်လုပ်နေမှုနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အမှတ်(၁)စက်ကို လည်ပတ်နိုင်ပြီဖြစ်၍ အမှတ်(၂) ဓာတ်အားပေးစက်ကို အမြန်ဆုံးပြန်လည်မောင်းနှင်၍ ဓာတ်အားထုတ်လုပ်နိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ စက်များကို ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်း မောင်းနှင်သွားရန်၊ ဓာတ်အားပေးစက်များ ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရန်အတွက် စက်များ၏ ကြံ့ခိုင်ရေးကိုလည်း စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်သွားရန်နှင့် အဆင့်(၂)အဖြစ် ဆောင်ရွက် လျက်ရှိသော ကျောက်မီးသွေးအခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဂုဏ်ပြုသစ်သီးခြင်း ပေးအပ်ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း အမှတ်(၁) ဓာတ်အားပေးစက် ပြန်လည်လည်ပတ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေး၍ ကုမ္ပဏီမှ တာဝန်ရှိသူများအား ဂုဏ်ပြုသစ်သီးခြင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေး စက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ်ပေးနေမှု၊ ဓာတ်အားပေးစက်များ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်း လုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်သို့ ရောက်ရှိရာ တာဝန်ရှိသူက ရာဂီမုန်တိုင်း၏ အရှိန်ဖြင့် မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ကျောက်မီးသွေးလုပ်ကွက်များ ထိခိုက်ပျက်စီးခဲ့မှု၊ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုနှင့် ကျေက်မီးသွေးများ တူးဖော်ထုတ်ယူနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို  ရှင်းလင်း တင်ပြပါသည်။ ထို့နောက် ပြည်ထောင်ဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးမှုကြောင့် ကျောက်မီးသွေး တူးဖော်ရေး လုပ်ကွက်အတွင်း ပျက်စီးခဲ့မှုများ၊ မြေပြိုကျမှုများနှင့် ကျောက်မီးသွေး တူးဖော် ထုတ်လုပ်ရန် အပေါ်ယံမြေကြီးများကို စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှု၊ ရေနစ်မြုပ်သွားသော ကျောက်မီးသွေးပြင်အား အမြန်ထုတ်လုပ်ရရှိရန် အပိုင်းလိုက်ကန့်၍ ရေများ ပြန်လည်စုပ်ထုတ်ခြင်း ဆောင်ရွက်နေမှုနှင့် ပျက်စီးသွားသော ကျောက်မီးသွေး သယ်ထုတ်လမ်းပိုင်းများ အသစ်ပြုပြင်ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောက်မီးသွေးလုပ်ကွက်အတွင်း မြေပြိုကျမှုများကို ဖယ်ရှား ရှင်းလင်းနိုင်ရေးနှင့် ပျက်စီးသွားသော ကျောက်မီးသွေးသယ်ထုတ်လမ်းပိုင်း အသစ်ပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းများအား အမြန်ဆုံးပြုပြင်ပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လိုအပ်သော အရေ အတွက်အတိုင်း ကျောက်မီးသွေးများကို စဉ်ဆက်မပြတ် ဆက်လက်တူးဖော်ပေးပို့နိုင်ရေးနှင့် အရံကျောက်မီးသွေးများကိုပါ စုဆောင်းထားရှိရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီကျစ်ဓာတ်အားပေးစက်ရုံ အအေးပေး စနစ်အတွက် ရေပေးပို့လျက်ရှိသော ဘီလူးချောင်းအနီး တည်ဆောက်ထားသည့် ဘီလူးချောင်း ရေပန့်ရုံသို့ ရောက်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ရေပန့်ရုံအဆောက် အဦ ရေနစ်မြုပ်ခဲ့မှု၊ ရေပန့်ရုံနှင့် ရေဝင်လမ်းကြောင်းအတွင်း ရေများစုပ်ထုတ်ပြီးစီးမှု၊ နုန်းများ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ ပန့်နှင်ဆက်စပ်ပစ္စည်းများ၊ Control Panel များ၊ ထရန်စဖော်မာများ စစ်ဆေးပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ပန့်များကို အလှည့်ကျမောင်းနှင်၍ စက်ရုံသုံးရေကို ပြန်လည်ပေးပို့နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်ကိုမျှော်တွေး၍ ရေနစ် မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ထပ်မံမဖြစ်ပွားစေရေး အစီအမံများ ချမှတ်ဆောင်ရွက် သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   အဆိုပါ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်တည်ရှိပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၆၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် နှစ်လုံးဖြင့် စုစုပေါင်းတပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ်ဖြစ်ပြီး ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မည့် ဓာတ်အားမှာ ၉၆၀ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ၁၃၂ ကေဗွီ တီကျစ်-လောပိတဓာတ်အားလိုင်း၊ ၁၃၂ ကေဗွီ တီကျစ်-လွိုင်ကော်ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ တီကျစ်-ကလောဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက် ရှိရာ ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ကျောက်မီးသွေး လုပ်ကွက်အတွင်း မြေပြိုကျမှုများ၊ ထုတ်ယူဆဲ ကျောက်မီးသွေး ရေနစ်မြုပ်မှုများ၊ ကျောက် မီးသွေးသယ်ထုတ်လမ်းပိုင်းများ ပြိုကျပျက်စီးခဲ့ခြင်းနှင့် တီကျစ်ဓာတ်အားပေးစက်ရုံ အအေး ပေးစနစ်အတွက် ရေပေးပို့လျက်ရှိသော ဘီလူးချောင်း ရေပန့်ရုံ ရေနစ်မြုပ်ပြီး ပန့်နှင့်ဆက်စပ် ပစ္စည်းများ ရေနစ်မြုပ်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ ရပြီး ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ်ပို့လွှတ်ပေးနိုင်ရန်အတွက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမှတ်(၁) ဓာတ်အားပေးစက်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်တွင် ပြန်လည်လည်ပတ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ပြီး အမှတ်(၂) ဓာတ်အားပေးစက်ကို ပြန်လည်လည်ပတ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် လိုအပ်သောကျောက်မီးသွေးများ အချိန်မီထုတ်ယူရရှိနိုင်ရေး  ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။         

Post under by : ဝန်ကြီးရုံး
14-Oct-2024