၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ခြင်းနှင့် စိုက်ပျိုးပြီး ရတနာတန်းဝင် ကျွန်းပင်များ၊ စပါးသီးနှံများ၊ သီးပင်စားပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းနိုင်ရေး ပြုစု ပျိုးထောင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ဗဟိုသင်တန်းကျောင်း ဝန်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာန အကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပါသည်။
ဦးစွာ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရာသီသီးနှံစိုက်ခင်း လယ်ကွင်းအနီးရှိ တစ်ဖက်ပိတ် ချောင်းအတွင်းသို့ ငါးသားပေါက်များအား ဦးစွာစိုက်ထည့်ပေးခဲ့ပြီး ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ထမ်းများက ငါးသားပေါက်များအား တစ်ပြိုင်တည်းစိုက်ထည့်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ဗဟိုသင်တန်း ကျောင်းဝန်းအတွင်းရှိ မြေလွတ်မြေရိုင်းများကို လယ်ယာမြေများဖော်ထုတ်၍ ဝန်ထမ်းများ သက်သာချောင်ချိရေး တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်ရန်အတွက် စိုက်ပျိုးထားသော စပါးစိုက်ခင်းများ ရှင်သန်ဖြစ်ထွန်းအောင်မြင်နေမှု၊ ရာသီသီးနှံများဖြစ်သည့် ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ငရုတ်၊ ဘူး၊ ဖရုံ၊ နံနံ၊ မုံညင်း၊ ပဲစင်းငုံနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ဒန့်သလွန်၊ ဂွေးတောက်၊ ကင်ပွန်းချဉ်၊ ငှက်ပျော၊ သရက်၊ မာလကာ၊ နဂါးမောက်၊ နာနတ် စသည့် သီးပင်စားပင်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပထမအကြိမ်၊ ဒုတိယ အကြိမ်နှင့် တတိယအကြိမ်တို့တွင် စိုက်ပျိုးခဲ့သည့် ရတနာတန်းဝင်ကျွန်းပင်များနှင့် နှစ်ရှည်ပန်း အလှပင်များကို ဆက်လက်ရှင်သန်ဖွံ့ဖြိုးကြီးထွားအောင် ပေါင်းမြက်များရှင်လင်းခြင်း၊ မြေဆွခြင်း၊ မြေတောင်မြှောက်ပေးခြင်း ပြုစုပျိုးထောင်ဆောင်ရွက်နေမှုနှင့် ရှင်သန်အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယနေ့ကျင်းပပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ တစ်သိန်းနှစ်သောင်းကို စိုက်ထည့်ခဲ့ပြီး ဝန်ထမ်းများ သက်သာချောင်ချိရေး တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးထား သည့် စပါးစိုက်ခင်းများ၊ ရာသီသီးနှံ၊ နှစ်ရှည်သီးပင် စားပင်များနှင့် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် တို့တွင် စိုက်ပျိုးပြီး ရှင်သန်ဖြစ်ထွန်းနေသည့် ရတနာတန်းဝင်ကျွန်းပင်များနှင့် နှစ်ရှည်ပန်းအလှပင်များ ဆက်လက် ရှင်သန်ကြီးထွားနိုင်ရေး ပြုစုပျိုးထောင်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။