၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား စီမံကိန်းယာယီရှင်းလင်းဆောင်တွင် တာဝန် ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းစီမံကိန်း၊ ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေမှု၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီ အမံများကို ရှင်းလင်းတင်ပြကြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေများအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း လျှပ်စစ်ဓာတ်အား အမြန် ပို့လွှတ်နိုင်ရေး ဦးစားပေးလုပ်ငန်းအလိုက် ခွဲခြားပြီး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ စီမံကိန်း လျာထားချက်အတိုင်း လုပ်ငန်းများပြီးစီးနိုင်ရေး လူအင်အား၊ ယန္တရားနှင့်စက်အင်အားများ တိုးချဲ့ပြီး အဆိုင်းစနစ်ဖြင့် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ အမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား အရည် အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး အထူးအလေးထား၍ ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းအား ဆောလျင်စွာပြီးစီးရေးကို အားလုံးဝိုင်းဝန်းကြိုးပမ်း၍ အားသွန်ခွန်စိုက် တွန်းအားပေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထရန်စဖော်မာများ၊ Shunt Reactor တပ်ဆင်နေမှုနှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးသွားပါက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား များကို မြန်မာနိုင်ငံ တောင်ပိုင်းသို့ ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်သည်။ ယခုအခါ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီ ဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက်ရှိပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ် နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်း တစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း စီမံကိန်း တစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။