၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၂ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ နှင့်အတူ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကလောမြို့နယ် နှင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတို့တွင် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်း၍ ရေတိုက်စားပြီး ယိုင်လဲပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ရေကြီးနစ်မြုပ်ခဲ့သည့် ထရန်စဖော်မာ နှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်စစ်ဆေးစမ်းသပ်ပြီးစီး၍ ကျေးရွာများသို့ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယခုလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကလောမြို့သို့ရောက်ရှိရာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် နမ့်ပန်တက်ကျေးရွာသို့ သွယ်တန်းထားသည့် ၁၁ကေဗွီဓာတ်အားလိုင်းများအား ဌာနမှလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု၍ အားပေး စကားပြောကြားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြရန်၊ ပျက်စီး သွားခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းရှင်းလင်း ပြီးမှတ်တမ်း ထားရှိရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည် အသုံးပြုသွားရန် မှာကြားပြီး လုပ်ငန်းများအမြန်ဆုံး ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ရေကြီး ရေလျှံမှုများကြောင့် ထရန်စဖော်မာများရေနစ်မြုပ်ခဲ့၍ ယာယီဓာတ်အား ဖြတ်တောက်ထားခဲ့ရသည့် ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများအား ရေများပြန်လည်ကျဆင်းပြီး ပုံမှန်အခြေအနေသို့ ရောက်ရှိရာ အဆိုပါ ဓာတ်အားလွှတ်ပစ္စည်းများအား ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စစ်ဆေးစမ်းသပ်ပြီး ကောင်းမွန်မှုရှိ သည့် အလိုတော်ပေါက်ဘုရားအနီးရှိ ကုန်းကယ်ရေလယ်ကျေးရွာ၏ ၁၁/၀.၄ကေဗွီ, ၂၅၀ ကေဗွီအေ ထရန်စဖော်မာအား ဓာတ်အားပြန်လည်ချိတ်ဆက်ပေးခဲ့ပြီး ကျေးရွာသို့ ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပါသည်။
၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နှင့် အင်းလေး ဒေသအတွင်းရှိ ကျေးရွာ/ရပ်ကွက်ပေါင်း (၃၁၈)ရွာ ဓာတ်အားပြတ်တောက်ခဲ့ပြီး ဌာနမှကျွမ်းကျင် ဝန်ထမ်းများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပြီး စမ်းသပ် စစ်ဆေးမှုမှုများပြုလုပ်ခဲ့ရာ (၂-၁၁-၂၀၂၄) ရက်နေ့တွင် ကျေးရွာ/ရပ်ကွက်ပေါင်း (၁၉၇)ရွာအား ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသော ကျေးရွာ/ရပ်ကွက်များ ဓာတ်အားအမြန်ဆုံး ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။