၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၄ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နှင့် ကလောမြို့တို့ရှိ ၁၃၂ကေဗွီ ပင်မဓာတ်အားခွဲရုံများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ရှိ ၆၆ကေဗွီရမည်းသင်းဓာတ်အားခွဲရုံ အသစ် တည်ဆောက်ပြီးစီးနေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယခုလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ၁၃၂ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ သွားရောက်ပြီး ၎င်းဓာတ်အားခွဲရုံတွင် အသစ်တိုးချဲ့တည်ဆောက်နေသည့် ၁၃၂/၆၆/၁၁ကေဗွီ, ၁၀၀အမ်ဗွီအေ ထရန်စဖော်မာ နှင့် ၆၆ကေဗွီ Switch Bay များအား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြား၍ လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလောမြို့ရှိ ၁၃၂ကေဗွီ ကလောပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးနှင့် တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အား ပို့လွှတ်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားကာ ဆွိယာဒ်အတွင်း ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ၆၆ကေဗွီ နောင်တရားဓာတ်အားခွဲရုံအသစ် အတွက် Switch Bay အသစ်တိုးချဲ့တည်ဆောက်ရန် စီမံဆောင်ရွက် ထားရှိမှုအား ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ရှိ ၆၆ကေဗွီ ရမည်းသင်းဓာတ်အားခွဲရုံသို့ရောက်ရှိရာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာက ၃၃ကေဗွီ မြို့မ ဓာတ်အားခွဲရုံမှ ခရိုင်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေနှင့် ဓာတ်အားခွဲရုံဆိုင်ရာ များ၊ ၆၆ကေဗွီ ရွှေမြို့ - ရမည်းသင်း ဓာတ်အားလိုင်းအသစ်နှင့် ဆွိယာဒ်အတွင်း ၆၆ကေဗွီ ဓာတ်အားခွဲရုံအသစ် တည်ဆောက်ပြီးစီး နေမှု အခြေအနေတို့အား လိုက်လံရှင်းလင်း တင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားလွှတ်ပစ္စည်းများအပေါ်သို့ တိရစ္ဆာန်များ အလွယ်တကူမတက်ရောက်နိုင်စေရန် အကာအကွယ်များတပ်ဆင်ထားရှိရန်၊ ကေဘလ်မြှောင်း များတွင် ရေစုပ်ပန့်များ၊ ရေနုတ်မြှောင်း များဖြင့် ရေဝင်ရောက်မှုမရှိအောင် ဆောင်ရွက်ထားရှိရန်၊ လုပ်ငန်းများပြီးစီး၍ ရွှေမြို့ပင်မဓာတ်အားခွဲရုံမှ ပို့လွှတ်လာမည့် ၆၆ကေဗွီဓာတ်အားကို လက်ခံ ဖြန့်ဖြူးနိုင်ရေး လိုအပ်သည့်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ထားရှိရန်၊ ဓာတ်အားခွဲရုံနှင့် ရုံးဝန်း အတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ပုံမှန်ဆောင်ရွက်ထားရှိရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။