The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း    

  

 ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်

   မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်  ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အမှုဆောင်အရာရှိချုပ်နှင့် ဌာနအကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မန္တလေးတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊  ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီ တိုးတက်ကောင်းမွန် စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် မရှိစေရေး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အားခကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ကောက်ခံ ရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးပို့ရာတွင်လည်း ထုတ်လုပ်မှုအပေါ် အခြေခံ၍ မျှတစွာဖြင့် သတ်မှတ်ချိန်အလိုက် စနစ်တကျခွဲဝေ ဖြန့်ဖြူး ပေးသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှု များမရှိစေရေး၊ ဓာတ်အားခကြွေးကျန် အလွှဲသုံးစားမှုများ မဖြစ်စေရေးနှင့် မီတာဖတ်ရှု့မှုအား မှန်ကန်စွာဖတ်ရှု့သွားနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန် လိုအပ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအားပေးအပ်ထားသော တာဝန်ကိုကျေပွန်စွာ ထမ်းဆောင် သွားရန်လိုအပ်ပြီး အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဌာနတာဝန်ခံများမှလည်း မိမိတို့ဝန်ထမ်းများ၏ လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များ လွတ်လပ်စွာတင်ပြနိုင်ရေးနှင့် ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက် ဆန္ဒဖော်ထုတ်ပွဲများကို လစဉ်ပြုလုပ်ပေးသွားရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်သွားရန်နှင့် မြေနေရာလွတ်များတွင် ကုန်ကျစရိတ်သက်သာစေသော တစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရွက်ရမည့် အစီအမံများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ လုံခြုံရေးဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှု ပေးနေသော ဌာနဖြစ်သည့်အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

   ၎င်းနောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက်ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
09-Nov-2024