The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု အခြေအနေနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု အခြေအနေနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေ အနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှုနှင့် ရေဝင်ရောက်မှု၊ ရေလှောင်တမံ ရေပိုလွှဲမှ ရေလျှံကျမှု၊  ဓာတ်အားပေးစက်ကြီးများအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ၂၃၀ ကေဗွီ Switchyard အတွင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ဓာတ်အားပေးစက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ်နေမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှု၊ ရေလှောင်တမံ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ပြည်သူများ လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာထုတ်လုပ်ပို့လွှတ် နိုင်ရန်အတွက် စုဆောင်းထားရှိသည့်ရေများကို အကျိုးရှိစွာအသုံးပြုပြီး စက်စွမ်းအားပြည့်မောင်းနှင် လည်ပတ်၍ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ထုတ်လုပ် နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး၊ ဓာတ်အားပေး စက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်သွားရန်နှင့် ဓာတ်အားပေးစက်များ ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းမောင်းနှင်သွားရန် လိုအပ် ကြောင်း၊ လာမည့်နွေရာသီကာလတွင် စက်စွမ်းအားပြည့်ထုတ်လုပ်နိုင်ရန်အတွက် ရေသိုလှောင်မှုကိုလည်း ကြိုတင်ထိန်းသိမ်းမောင်းနှင်ရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ အိမ်ရာများတွင်လည်း လူနေထိုင်ခြင်း မရှိသည့် အိမ်ခန်းများကို ပျက်စီးမှုမရှိစေရေး ၎င်းအိမ်ခန်းအနီးရှိ နေထိုင်သူဝန်ထမ်းများကို ထိန်းသိမ်းနိုင်ရေး တာဝန်ပေးအပ်ထားရန် လိုအပ်ကြောင်း၊ စက်ရုံမှူးမှ မိမိ၏ဝန်ထမ်းများ ကိုလည်း အမြဲမျက်ခြေမပြတ် အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးသကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲများကို လစဉ်ပြုလုပ်ပေးသွားရန် လိုအပ်ကြောင်း၊ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေများအတိုင်း မိမိကိုယ်ကိုယ်မိမိ ထိန်းသိမ်းပြီး ဝန်ထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံသွားကြရန်နှင့် မိမိတို့ကျရာအခန်းကဏ္ဍမှ တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်း များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံ Switchyard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိပို့လွှတ် ပေးနေမှု၊ ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား များ ထုတ်လုပ်ပို့လွှတ်ပေးနေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် တမံ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။      

   ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်တွင် တည်ရှိပြီး  နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၁၉၇.၅ မဂ္ဂါဝပ်ထွက်ရှိသော ဖရန်စစ် (ဒေါင်လိုက်) တာဘိုင်အမျိုးအစား စက်(၄)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၇၉၀ မဂ္ဂါဝပ် ဖြစ်ပြီး ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၃၅၅၀ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပါသည်။   ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကေဗွီ ရဲရွာ-ဘဲလင်း ဓာတ်အား လိုင်း (၂)လိုင်းနှင့် ၂၃၀ ကေဗွီ ရဲရွာ-မိတ္ထီလာဓာတ်အားလိုင်း (၂)လိုင်းတို့ဖြင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင် ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံစီမံကိန်းသည် ယခုအခါ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကာ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလတွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
10-Nov-2024