The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ( ၂၆ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည်၊ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ဌာနမှတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့အနီးရှိ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်း များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

   ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်၊ ဌာနမှ တာဝန်ရှိသူများနှင့်အတူ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၏ အနောက် တောင်ဘက်(၁၄)မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန၊ အမှတ်(၅)တည်ဆောက်ရေးမှ တာဝန်ယူတည်ဆောက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းသို့ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်ရှုရပ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က စီမံကိန်းပုံစံငယ်ဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များအားရှင်းလင်းပြပြီး စီမံကိန်းရှင်းလင်းဆောင်အစည်းအဝေးခန်းမတွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅)တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးတိုးလွင်က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေလွှဲဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် ဆွစ်ယာဒ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းပစ္စည်းများ ရောက်ရှိမှုနှင့် တပ်ဆင်ပြီးစီးမှုအခြေအနေ၊ စီမံကိန်းပစ္စည်းများထပ်မံတင်ပို့ရန် လိုအပ်မှုနှင့် ရန်ပုံငွေလိုအပ်မှုအခြေအနေများအားရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထပ်မံတင်ပို့ရန် လိုအပ်သောစီမံကိန်းပစ္စည်းများရောက်ရှိစေရေး လိုအပ်ချက်များကို တင်ပြတောင်းခံ သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စီမံကိန်းဝန်ထမ်း များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ပါသည်။

   ထို့နောက် စီမံကိန်းဧရိယာအတွင်းရှိ ရေထိန်းတံခါးပြွန်လုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ တိုင်းတာရေးကိရိယာများဖြင့် တိုင်းတာနေမှု၊ ရေသွယ်ဉမင်လိုဏ်လုပ်ငန်း၊ ပင်မရေပိုလွှဲ လုပ်ငန်း၊ ဖိအားမြင့်သံမဏိပိုက်လိုင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်း၊ စက်ရုံရေထုတ် မြောင်းလုပ်ငန်းနှင့် ဆွဒ်ယာဒ်လုပ်ငန်းများအပါအဝင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ စီမံကိန်းတစ်ခု လုံးအနေဖြင့် ယခုအချိန်အထိ ၈၆.၄၀ ရာခိုင်နှုန်းပြီးစီးကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကုန်တွင် ၉၀.၄၀ ရာခိုင်နှုန်းပြီးစီးစေရေး စီမံကိန်းဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

   ၎င်းနောက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်း မြို့၏ အရှေ့တောင်ဖက်(၁၈)မိုင်ခန့်အကွာ နန့်တိန်ချောင်းပေါ်တွင် တည်ဆောက်ထား ရှိသော ကျိုင်းတောင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ရေလွှဲဆည်နေရာရှိ ပျက်စီးသွားသောအစိတ်အပိုင်းများအား ပြန်လည်ပြင်ဆင်နေမှုအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ရေလွှဲဆည်အမှတ် (၁)နှင့် ရေလွှဲဆည်အမှတ်(၂)အကြား ကွန်ကရစ်ရေကာနံရံပြန်လည်ဆောက်လုပ်ခြင်း အတွက် ၁၀ ပေ ဘေလီတံတား ၂ စင်း ဆောက်လုပ်ပြီးစီး၍ ကျောက်ကြီး/မြေသားတမံ ဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေလွှဲဆည်အောက်ဖက်ရေတိုက်စားသည့်နေရာအား ပြန်လည်ပြုပြင်ခြင်းနှင့် စက်ရုံရေဝင်မြောင်းမှ နုန်းများဖယ်ရှားခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားရန် မှာကြားပါသည်။

  ဆက်လက်၍ ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှူးက ဓာတ်အားပေး စက်ရုံမှဓာတ်အားထုတ်လုပ်နေမှုအခြေအနေ၊ ရာဂီမုန်တိုင်း၏ အရှိန်ဖြင့် မိုးအဆက်မပြတ် ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားပေးစက်ရုံအတွင်းရေများဝင်ရောက်၍ ပျက်စီး ခဲ့မှုအခြေအနေ၊ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် စက်ရုံအတွင်း ပျက်စီးခဲ့မှုများအား ပြင်ဆင် ခဲ့မှုအခြေအနေများနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း စက်(၁)လုံးဖြင့် ဓာတ်အားထုတ်လုပ် ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စက်ရုံအတွင်းရေဝင် ရောက်ခဲ့သည့် ဆွဒ်ယာဒ်ကေဘယ်မြောင်း၊ ကေဘယ်အဝင်အထွက် နေရာများမှတစ်ဆင့် ရေများထပ်မံမဝင်ရောက်စေရေးနှင့် စက်ရုံမြေအောက်ထပ်များအတွက် Ventilation Fan အထိုင်မြှင့်တင်သွားရန်၊ ကျန်ရှိနေသော ပြင်ဆင်ရမည့်အပိုင်းများကိုလည်း အမြန်ဆုံး ပြန်လည်ပြုပြင်သွားရန်၊ ရေလွှဲဆည်မှ ဝင်ရေနှင့်နုန်းပါဝင်မှုအရ နုန်းအနည်အနှစ်များကို ပုံမှန်ရှင်းလင်းဖယ်ထုတ်ပြီး ယခုရေဝင်များသည့်ကာလတွင်  စက်စွမ်းအားပြည့်မောင်းနှင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ဓာတ်အားပေးစက်ရုံ ပျက်စီးမှုများအား စက်ရုံဝန်ထမ်းများဖြင့် အမြန်ဆုံးပြင်ဆင်ပြီး ဓာတ်အားများပြန်လည် ထုတ်လုပ်ပေးနိုင်ခဲ့မှုအပေါ် အသိ အမှတ်ပြုပါကြောင်း ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Nov-2024