နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ နေပြည်တော်ကောင်စီ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ရာဂီမုန်တိုင်း အရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း ဓာတ်အားအမြန် ထုတ်လုပ်ပေးနိုင်ရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဓာတ်အား ပေးစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမတွင် တာဝန်ရှိသူများက ဓာတ်အားပေး စက်ရုံ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်၊ ရေဝင်နစ်မြုပ်သွားသော စက်ရုံမြေအောက်ထပ်များအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများ ဓာတ်အားရရှိရေး ဆောင်ရွက်ခဲ့မှု၊ ဓာတ်အားပေးစက်များ ပြန်လည်လည်ပတ်နိုင်ရေး စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ ဖြုတ်ထုတ်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ စစ်ဆေးစမ်းသပ်တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ စက်ရုံအဆောက်အဉီများ၊ စတိုများနှင့် ဝန်ထမ်းအိမ်ရာများပြုပြင် ဆောင်ရွက်နေမှု၊ စက်ရုံချဉ်းကပ်လမ်းနှင့် စက်ရုံဧရိယာများအတွင်း သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်မှုအခြေအနေတို့ကို ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ဓာတ်အား အမြန် ထုတ်လုပ်ပေးနိုင်ရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွားရန်နှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးနိုင်ရေး လူအင်အား၊ ပစ္စည်းအင်အားများကို စနစ်တကျစုဖွဲ့၍ ဌာနများ ညှိနှိုင်းပေါင်းစပ်ပြီး ဟန်ချက်ညီညီဖြင့် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေး အလေးထားဆောင်ရွက်သွားကြရန်၊ ဘတ်ဂျတ်ပါ ခွင့်ပြုသည့် လုပ်ငန်းများကို ဘတ်ဂျတ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန်တို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ရေလှောင်တမံရှုရပ်သို့ ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲနှင့် တမံ၏ ကြံခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တမံကြံ့ခိုင်မှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးသွားရန်နှင့် တမံလုံခြုံရေးအား ဂရုပြုဆောင်ရွက် သွားရန် မှာကြားခဲ့ပြီး စက်ယန္တရားကြီးများဖြင့် ချောင်းကြမ်းပြင် တူးဖော်နေမှုကို ကြည်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ပြန်လည်ပြုပြုင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ကြီးများနှင့် ဆက်စပ် ပစ္စည်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ဓာတ်အားပေးစက်များ ပြန်လည် လည်ပတ် နိုင်ရေး စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ စမ်းသပ်စစ်ဆေးတိုင်းတာနေမှုနှင့် ပြန်လည် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။
အဆိုပါ အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပျဉ်းမနားမြို့၏ အရှေ့ဘက် (၂၆) မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားပြီး တပ်ဆင် အင်အားအနေဖြင့် (၇၀) မဂ္ဂါဝပ် ဓာတ်အားပေးစက် (၂) လုံးဖြင့် စုစုပေါင်း (၁၄၀) မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ရက် စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေး လျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှု များပြားပြီး ရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံကျမှုကြောင့် ဓာတ်အားပေးစက်ရုံအတွင်း ရေများ ဝင်ရောက်ခဲ့သည့်အတွက် ဓာတ်အားပေးစက်များ ရေနစ်မြုပ်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီး ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်များ မောင်းနှင်နေမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ရေအားအမြင့် ၃၂၈ ပေရှိပြီး ဒေါင်လိုက် ဖရန်စစ်တာဘိုင် ၂၀ မဂ္ဂါဝပ် စက်(၂)လုံးဖြင့် တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်ရှိကာ နှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၁၅၂ သန်း ထုတ်လုပ်ပေးလျက်ရှိသော တိုက်ရိုက် ရေသွယ်စနစ် (Run Off River Type) စက်ရုံတစ်ရုံဖြစ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။