နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် ပျဉ်းမနား မြို့နယ်ရှိ ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွင်း ဓာတ်အားအမြန် ထုတ်လုပ်ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံနှင့် စက်များ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအဆောက်အဦအတွင်း အထပ်အလိုက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်အားပေးစက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ဓာတ်အား ပေးစက်များ ပြန်လည်လည်ပတ်နိုင်ရေး စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ စမ်းသပ်စစ်ဆေး တိုင်းတာနေမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ အပူပေးပြီးရေငွေ့များ စုပ်ထုတ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက စက်ပစ္စည်းများရောက်ရှိပါက စတင်တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရန်၊ ဖြုတ်ပြီးစက်ကိရိယာများ သံချေးမတက်စေရေး အတွက် ထားသိုရမည့်စနစ်အတိုင်း ထားရှိသွားရန်၊ သန့်ရှင်းရေးပြုလုပ်ရာတွင် အပိုင်းလိုက် ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးနေရာများအား စနစ်တကျထိန်းသိမ်းထားရှိသွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ရေလှောင်တမံရှုရပ်သို့ ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ တမံ၏ ကြံခိုင်မှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တမံကြံ့ခိုင်မှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု စစ်ဆေးသွားရန်နှင့် တမံလုံခြုံရေးအား ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် တမံရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံ ကျပြီး စက်ရုံအတွင်းသို့ ရေဝင်ရောက်ခဲ့သည့်အရှိန်ကြောင့် စက်ရုံရေထွက်မြောင်း (Tailrace Channel)နှင့် ခရုပတ်ခွေ(Spiral Casing)များအတွင်း ရွှံ့နွံသဲနုန်းနှင့် ကျောက်တုံးများ ဝင်ရောက် ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သဖြင့် ရေထွက်မြောင်းရှေ့တွင် ယာယီရေတားတမံ တည်ဆောက်ခြင်း၊ ရေထွက်မြောင်းအတွင်းမှ ရေများအား အင်ဂျင်တပ်ရေစုပ်ပန့်များဖြင့် စုပ်ယူ၍ ရေစစ်ကန်သို့ ပေးပို့ခြင်း၊ ရေစစ်ကန်မှ ယာယီရေတား တမံအပြင်သို့ စွန့်ထုတ်ခြင်းဖြင့် (၂)ဆင့် ဆောင်ရွက်နေမှု၊ ရေထွက်ပေါက်အဝရှိ ရွှံ့နွံသဲနုန်းနှင့် ကျောက်တုံးများအား မြေကော် စက်(Backhoe) အသေးဖြင့် တူးပြီး ပစ္စည်းသယ်ခွက်(Bucket) အတွင်းထည့်၍ ပူလီကြိုးဖြင့် ဆွဲတင်ကာ မြေသယ်ယာဉ်ပေါ်တင်ခြင်း၊ လျှောစောက် (Slope)ပုံဖြစ်၍ အတွင်းပိုင်းရှိ ရွှံ့နွံသဲနုန်းနှင့် ကျောက်တုံးများအား လူအင်အားဖြင့် ခက်ခက် ခဲခဲရှင်းလင်းတူးထုတ်နေရမှု အခြေအနေနှင့် Botton Outlet မှ ရေထုတ်ပြီး အောက်ပေါင်းလောင်းစက်ရုံသို့ ရေပေးပို့ နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အထူးအလေးထား ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင် ခန်းမတွင် တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ရာဂီမုန်တိုင်း အရှိန်ကြောင့် စက်ရုံအတွင်း ရေဝင်ရောက်ခဲ့မှု၊ ဓာတ်အားပေးစက်များ ပြန်လည် ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အစီအစဉ်၊ စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ ဖြုတ်ထုတ်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ စစ်ဆေးစမ်းသပ်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ရုံရေထွက်မြောင်း (Tailrace Channel) အတွင်း ပိတ်ဆို့နေသော နုန်းများနှင့် ကျောက်တုံးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှု၊ စက်ရုံအဆောက်အဉီများ၊ စတိုများနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက် နေမှု၊ စက်ရုံချဉ်းကပ်လမ်းနှင့် စက်ရုံဧရိယာများအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများအား ပြန်လည်ပြုပြင်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ဓာတ်အားအမြန်ထုတ်လုပ်ပေးနိုင်ရေး ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားရန်နှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးနိုင်ရေး လူအင်အား၊ ပစ္စည်းအင်အားများကို စနစ်တကျစုဖွဲ့၍ ဌာနများ ညှိနှိုင်းပေါင်းစပ်ပြီး ဟန်ချက်ညီညီဖြင့် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး၊ လေလွင့် ဆုံးရှုံးမှု မရှိစေရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွား ကြရန်တို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုး ရွာသွန်းမှုများပြားပြီး စက်ရုံချဉ်းကပ်လမ်း ပြိုကျမှုကြောင့် လမ်းပြန်လည် တည်ဆောက်ခြင်းနှင့် ကမ်းပါးများ မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ကျောက်ကြီးကာရံခြင်းလုပ်ငန်းများအား စက်ယာဉ်၊ ယန္တရားကြီးများဖြင့် ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပါသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် (၇၀) မဂ္ဂါဝပ် (၂) လုံးဖြင့် စုစုပေါင်း (၁၄၀) မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ် ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှု များပြားပြီး ရေပိုလွှဲအထက်မှ ပေ ၂၀ ကျော် ရေလျှံကျပြီး တမံအောက်ဘက်တွင် ထူးကဲစွာ ရေဝင်ရောက်မှုကြောင့် ဓာတ်အားပေး စက်ရုံ အဆောက်အဦအတွင်း ဓာတ်အားပေးစက် အစိတ်အပိုင်းများ တပ်ဆင်ထားသည့် စက်ရုံမြေအောက်ထပ်များအားလုံး ရေနစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီး ပြန်လည်ပြုပြင်တည် ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယာယီရေတားတမံ တည်ဆောက်ခြင်းနှင့် စက်ရုံရေထုတ်မြောင်း အတွင်းမှ ရေစုပ်ထုတ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီး စက်ရုံအောက် ရေထုတ်ပြွန် များအတွင်းနှင့် ရေတံခါးအောက်ခြေမှ ရွှံ့နွံသဲနုန်းများ ဖယ်ရှားခြင်းနှင့် ဖိအားမြင့် သံမဏိ ပိုက်လိုင်းအောက် ခရုပတ်ခွေအတွင်းမှ ရွှံ့နွံသဲနုန်းများ ဖယ်ရှားခြင်းလုပ်ငန်းပြီးစီးမှု ၂၂ ရာခိုင်နှုန်း၊ စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာနှင့် မြို့ပြပိုင်းဆိုင်ရာလုပ်ငန်းများပြီးစီးမှု ၄၃.၆၈ ရာခိုင်နှုန်းနှင့် ဓာတ်အားပေးစက် ၂ လုံး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ၂၁.၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။