The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်

   အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

   ဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး၊ လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှု နည်းပါးသည့် ပြန်ပြည့်မြဲစွမ်းအင်(Renewable Energy) ကို တိုးမြှင့်အသုံးပြုနိုင်ရေးသည် လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC) ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့၊ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၁၆၂/ ၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်က NREC ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆)ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ဓာတ်အားစနစ် (National Grid) နှင့် ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်သည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိပြီး၊ အသေးစား ဆိုလာစနစ်များ၊ နေအိမ်သုံး ဆိုလာစနစ်များ၊ မြစ်ရေတင်သုံး ဆိုလာစနစ်များ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ စွမ်းအင်ထိရောက် အကျိုးရှိစွာ အသုံးပြုရေးဆိုင်ရာလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်များ၊ လျှပ်စစ်သုံးမော်တော်ယာဉ်များ တွင်ကျယ်စွာ အသုံးပြုရန် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက် နေကြသည့် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍ၏ ဆောင်ရွက်ချက် များကို ဟန်ချက်ညီညီဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍပေါင်းစုံ လွှမ်းခြုံပါဝင်သည့် National Renewable Energy Committee (NREC) ကို ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်နှင့် ပြန်ပြည့်မြဲစွမ်းအင်တို့ကို ဦးစားပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ စုစုပေါင်း တပ်ဆင်အင်အား ၆,၅၂၀ မဂ္ဂါဝပ်ဖြစ်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စွမ်းအင်အမျိုးအစားပါဝင်မှု၌ ရေအားလျှပ်စစ်မှ ၅၀ %၊ သဘာဝဓာတ်ငွေ့မှ ၄၃ %၊ ကျောက်မီးသွေးမှ ၂ %၊ ဆိုလာမှ ၄ % နှင့် ဒီဇယ်မှ ၁ % တို့ ထုတ်လုပ်လျက် ရှိပါကြောင်း၊ ၎င်းတွင် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားသော နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၈ ရုံ ရှိပြီး၊ စုစုပေါင်း တပ်ဆင်စက်အင်အား ၂၄၀ မဂ္ဂါဝပ် ရှိပါကြောင်း၊ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၅% ခန့် တိုးတက် လျက်ရှိသဖြင့် လက်ရှိအချိန်အထိ လျှပ်စစ်ဓာတ်အားရရှိမှုအချိုး (Electrification Ratio) ၆၈.၆၉ % ကျော် ရရှိသုံးစွဲနေပြီဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုကို ကာမိစေရန် တည်ဆောက်ဆဲ စီမံကိန်း ၁၀ ခုမှ  စုစုပေါင်း တပ်ဆင်စက်အင်အား ၁,၀၂၆ မဂ္ဂါဝပ် ရှိသော်လည်း အခက်အခဲ များကြောင့် အကောင်အထည်ဖော်မှု နှောင့်နှေးနေပါကြောင်း၊ မည်သို့သော အခက်ခဲများ ရှိသော်ငြားလည်း လေစွမ်းအင်စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရန် စီမံကိန်းဖြစ်မြောက် နိုင်စွမ်း လေ့လာမှုလုပ်ငန်းအတွက် နားလည်မှုစာချွန်လွှာ (MOU) များ၊ သဘောတူညီမှု စာချွန်လွှာ (MOA) များ လက်မှတ်ရေးထိုးထားပြီး စီမံကိန်း (၃၀)ခု (၄၇၃၀ မဂ္ဂါဝပ်)၊ MOU ရေးထိုးရန် ဆောင်ရွက်ဆဲစီမံကိန်း (၁)ခု (၅၀ မဂ္ဂါဝပ်)၊ အဆိုပြုစီမံကိန်း (၁) ခု (၅၀၀ မဂ္ဂါဝပ်) နှင့် နေရောင်ခြည်စွမ်းအင်သုံး MOU ရေးထိုးပြီး စီမံကိန်း (၄) ခု (၇၅၀ မဂ္ဂါဝပ်)၊ အဆိုပြု တင်ပြထားဆဲစီမံကိန်း (၇) ခုနှင့် စီမံကိန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း တင်ပြထား သည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများလည်း ရှိပါကြောင်း၊ ထို့အပြင် အကူအညီ/ အထောက်အပံ့ အနေဖြင့် တရုတ်နိုင်ငံမှ ၁ ဘီလီယံဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း (၄) ခု ၊ စုစုပေါင်း (၁၉၀) မဂ္ဂါဝပ် တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် တရုတ်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အလားတူပင် အိန္ဒိယ နိုင်ငံ၏ အမေရိကန် ဒေါ်လာ ၂ သန်းထက်မပိုသော အသေးစားဖွံ့ဖြိုးမှု စီမံကိန်းအောက်မှ  နေပြည်တော်ဗဟိုသင်တန်းကျောင်း အဆောက်အဦတွင် Rooftop နှင့် Ground Mounted Solar (၇၀၀) ကီလိုဝပ် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ မြန်ဆန်စွာ အကျိုးဖြစ်ထွန်း စေမည့် စီမံချက်အောက်မှ စီမံကိန်းတစ်ခုစီအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် ဆောင်ရွက်နိုင်မည့် နေပြည်တော်ဗဟိုသင်တန်းကျောင်း အဆောက်အဦတွင် Rooftop Solar (၂၅) ကီလိုဝပ်နှင့် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ရုံးအဆောက်အဦတွင် (၂၅) ကီလိုဝပ်တို့အား  ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှတစ်ဆင့် အိန္ဒိယနိုင်ငံဘက်သို့  အဆိုပြုထားရှိပါကြောင်း၊ NREC ၏ ကြိုးပမ်း ဆောင်ရွက်မှုများသည် လျှပ်စစ်ကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားတိုးတက်ထုတ်လုပ် နိုင်ရေးနှင့် Green Growth ၊Green Energy ၊ Green Economy ဖြစ်စေရေးတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ခွင့် ရရှိနေခြင်းလည်း ဖြစ်ပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်နှင့်စပ်လျဉ်း၍ ASEAN တွင်လည်း RE Targets သတ်မှတ်ချက်များရှိနေပြီး၊ အာဆီယံဒေသတွင်း နိုင်ငံများ အနေနှင့် ၂၀၂၅ ခုနှစ်၌ ပြန်ပြည့်မြဲစွမ်းအင်ကို ပင်မစွမ်းအင်အရင်းအမြစ် (Primary Energy) အတွက် ၂၃ ရာခိုင်နှုန်းနှင့် ဓာတ်အားထုတ်လုပ်မှုအတွက် တပ်ဆင်အင်အား၏  ၃၅ ရာခိုင်နှုန်း ပါဝင်ရရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဟု အဖွဲ့ဝင်နိုင်ငံများက သဘောတူထားပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် The Paris Agreement အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အတွက် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှု Zero Percentage ဖြစ်စေရေးအတွက် ရုပ်ကြွင်းလောင်စာသုံးစွဲမှုမှ Renewable Energy သို့ ပြောင်းလဲသုံးစွဲရန် အရေးပေါ် လိုအပ်နေပြီဖြစ်ကြောင်း ကြေညာထားချက်ကို လေးစားလိုက်နာ၍ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒေသတွင်း စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်ရင်းမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရေး ထည့်သွင်းစဉ်းစားရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ် ဖြတ်ကျော်၍ အပြန်အလှန်ဓာတ်အားလိုင်း ချိတ်ဆက်မှုသည်လည်း ကျောက်မီးသွေး ပါဝင်မှု အချိုးအစားကို ၈ % လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ် အလွန်တွင် ကျောက်မီးသွေး ပါဝင်မှုကို မတိုးမြှင့်တော့ဘဲ ၂၀၅၀ ပြည့်နှစ်တွင် ကျောက်မီးသွေးပါဝင်မှု လုံးဝရပ်ဆိုင်းရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များအနေဖြင့် မိမိတို့ဌာန၊ အဖွဲ့အစည်းများတွင် ပြန်ပြည့်မြဲစွမ်းအင်ဆောင်ရွက် ထားရှိမှုများကို ထပ်ဆင့်မျှဝေပေး ကြရန်နှင့် ‌ကော်မတီ၏ ရည်မှန်းချက်အောင်မြင်စေရန် ဝိုင်းဝန်းအကြံပြုဆောင်ရွက် ပေးကြစေ လိုကြောင်း၊ မိမိတို့နိုင်ငံအတွင်း Solar စီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ဒေသအလိုက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလို ကြောင်းနှင့် NREC ကော်မတီ၏ အနာဂတ်ရည်မှန်းချက်များအတွက် လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးကို ကော်မတီဝင်များ၏ ဆွေးနွေးမှုများမှ ကောင်းမွန်သောရလဒ်များ ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ အတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် NREC အထောက်အကူပြု လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြပါသည်။

   ဆက်လက်၍ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Post under by : ဝန်ကြီးရုံး
13-Feb-2025