နေပြည်တော်၊ ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ( ၂၂ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်း (၁၅:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အပူစွမ်းအင်သုံး စီမံကိန်းများတွင် ရုရှားကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့ ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။