၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်ရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း/ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဌာန်းချက်များကို သိရှိ နားလည်ကျင့်သုံးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဥပဒေအနှစ်ချုပ် လက်ကိုင်စာအုပ်များပြုစု၍ သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစု သင်ကြားပို့ချရန်၊ ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာရန်အတွက် ဥပဒေအသိပညာ ပြန့်ပွားရေး အစီအမံများဆောင်ရွက်ရန်” ဟု လမ်းညွှန်မှာကြားချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များအနေဖြင့် ဥပဒေသဘောတရားများ သိရှိနားလည်ပြီး၊ ဥပဒေအား လေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ လုပ်ငန်းအလိုက် ချမှတ်ပြဌာန်းထားသည့် ဥပဒေ အသိပညာများကိုလည်း သိရှိရန်လိုအပ်သလို သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင်လည်း လက်တွေ့ သိရှိလိုက်နာ ကျင့်သုံးနိုင်ခြင်းဖြင့် ပေးအပ်သော တာဝန်များကို နည်းလမ်းမှန်ကန်စွာ စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်သည့် အရည်အသွေးများ ရရှိလာနိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ “ဥပဒေကိုမသိ၍ ပြစ်မှု ကျူးလွန်ခဲ့သည်” ဆိုသော အဖြစ်မျိုး မဖြစ်စေရေးအတွက် နိုင်ငံသားတိုင်း ဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတရှိစေရန် လိုအပ်သည့်အတွက် အခြေခံအားဖြင့် သိသင့်သိထိုက်သော ဥပဒေများ၏ သတ်မှတ်ပြဌာန်းချက်များကို မှတ်သားသိရှိနေရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် ဥပဒေပြဌာန်းချက်များကို သိရှိလိုက်နာရန် လိုအပ်သည့် အပြင် မိမိတို့ဝန်ကြီးဌာနမှ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေများ၊ လုပ်ငန်းသဘောသဘာဝအရ ပတ်သက်ဆက်နွယ်နေသည့် အခြားသော ဝန်ကြီးဌာနများ၏ ဥပဒေများကိုလည်း လေ့လာ သိရှိထားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတွင် လျှပ်စစ်ဥပဒေအပါအဝင်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မိမိတို့ဝန်ကြီးဌာန လုပ်ငန်းများနှင့် ဆက်နွယ် နေသော မြေယာဆိုင်ရာဥပဒေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ မူဝါဒနှင့် မဟာဗျူဟာများနှင့် ဥပဒေမူကြမ်းရေးဆွဲခြင်း စသည်တို့အပါအဝင် ဘာသာရပ်(၁၁)မျိုးကို အသိပညာပြန့်ပွားစေရေး သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားများ ပြည်သူများမဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ် ပြဌာန်းချက် တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည် လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေး သည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းသားများ အနေနှင့် သတ်မှတ်ထားသည့် သင်တန်းစည်းကမ်းများအား လိုက်နာဆောင်ရွက်သွားကြပြီး ပို့ချသည့် ဘာသာရပ်များကို စိတ်ပါလက်ပါ အားတက်သရော ဆည်းပူးလေ့လာ၍ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားပြုရပြီး ဥပဒေကို လေးစားလိုက်နာသည့် ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၇ ရက်ထိ ရက်သတ္တ(၂)ပတ်ကြာ သင်တန်းသား(၂၅)ဦးဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။