၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့် ဝန်ထမ်းအိမ်ရာအဆောင်များနှင့် တိုက်ခန်းများတွင် ဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြန်လည်ပြုပြင် ပြင်ဆင်၍ နေရာချထားနိုင်ရေး ဆောင်ရွက်နေမှု၊ ရုံးအမှတ် (၂၇)ရှိ ရုံးအဆောက်အဦများ ပျက်စီးမှုကို ပြင်ဆင်နေမှုနှင့် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော်ပင်မဓာတ်အားခွဲရုံ(၂) မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ခွဲရုံ ပျက်စီးခဲ့မှုကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦများ၏ ထိခိုက်ပျက်စီးမှု အခြေအနေကို ဝန်ကြီးဌာနရှိ ကျွမ်းကျင်ပညာရှင်များပါသော နည်းပညာစိစစ်ရေးအဖွဲ့ဖြင့် စစ်ဆေး၍ ခိုင်ခံ့မှုအခြေအနေအား အဖြူရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်အဆင့် သတ်မှတ် ခဲ့ပြီး အဖြူရောင်အဆင့်အဆောက်အဦများတွင် ပြန်လည်နေရာချထားနိုင်ရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိရာ အဖြူရောင်အဆင့်အဖြစ် သတ်မှတ်ထားသော အဆောက်အဦများ အနက်မှ ဇမ္ဗူသီရိမြို့နယ်ရှိ သပြေ(၁)၊ အဆောင်(၁၄)၊ (၁၅)၊ (၁၆)၊ (၁၇)၊ (၁၈)၊ (၁၉) နှင့် ပိတောက်အိမ်ရာ တိုက်အမှတ် (၇၂၃)တို့သို့ သွားရောက်ပြီး အဆောင်/တိုက်ခန်းများ၏ ကြံ့ခိုင်မှုနှင့် ခိုင်ခံ့မှုအခြေအနေများကို အဆောင်/တိုက်ခန်း တစ်ခုချင်းစီအလိုက် အသေးစိတ် လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည့် ပြင်ဆင်မှုများအား အမြန်ပြုပြင် ပြင်ဆင်၍ ပြန်လည်နေရာချထားနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ရုံးအဆောက် အဦ ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် နေပြည်တော်ပင်မဓာတ်အားခွဲရုံ(၂)သို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံ အဆောက်အဦအတွင်း ပျက်စီးခဲ့မှု၊ Switch Yard အတွင်း ပျက်စီးခဲ့မှုနှင့် ဓာတ်အားပြန်လည် ပို့လွှတ်ပေးနေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ ပျက်စီးမှုများကို အမြန်ပြုပြင် ပြင်ဆင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ထို့နောက် ဓာတ်အားခွဲရုံအတွင်းရှိ ဝန်ထမ်းအိမ်ရာများအား ကြည့်ရှု၍ အခန်းလွတ်များတွင် ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အမြန်နေရာချထားနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေစွာနေထိုင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြား ခဲ့ပြီး ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား နေရာချထားမှု၊ နေထိုင် စားသောက်မှုတို့ကို ကြည့်ရှု၍ အားပေးစကားပြောကြားပြီး မိမိတို့နေထိုင်ရာ အဆောက်အဦအတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး သောက်ရေသန့်များနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။