၂၀၂၅ ခုနှစ်၊ ဧပြီလ (၆) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ဝန်ထမ်းများအား ယာယီနေထိုင် နိုင်ရန်အတွက် ဉတ္တရသီရိမြို့နယ် နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ဝန်ထမ်းနှင့် မှီခို မိသားစုဦးရေ စုစုပေါင်း ၉၁၄ ဦးအားလည်းကောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၂၇၇ ဦးအားလည်းကောင်း၊ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၈၃ ဦးအားလည်းကောင်း ယာယီစုစည်း၍ နေရာချထားဆောင်ရွက် ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ငလျင်ဘေးသင့်ဝန်ထမ်းများအား ယာယီပြောင်းရွှေ့နေရာချထားသည့် ဥတ္တရသီရိ မြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်းနှင့် မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းတို့သို့ သွားရောက်ပြီး ငလျင်ဘေးသင့်ဝန်ထမ်းများအား နေရာချထားမှု၊ နေထိုင်စားသောက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ အလှူရှင်များမှ ပေးပို့လှူဒါန်းသည့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ငလျင်ဘေးသင့်ဝန်ထမ်းများအား ယာယီပြောင်းရွှေ့နေရာချထားသည့် ဥတ္တရသီရိမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိပြီး ငလျင်ဘေးသင့်ဝန်ထမ်းများ လုံလောက်စွာအသုံးပြုနိုင်ရန် ယာယီသန့်စင်ခန်းများ တည်ဆောက် နေမှု၊ ပြောင်းရွှေ့နေရာချထားသည့် အဆောက်အဦများအတွင်းရှိ သန့်စင်ခန်းများတွင် ရေ လုံလောက်စွာ ရရှိမှု ရှိ/ မရှိ၊ မြေနေရာလွတ်များတွင် ယာယီနေထိုင်နိုင်ရန် လူနေ မိုးကာ တဲများ ချထားနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ယာယီမီးဖိုဆောင်များ တည်ဆောက်နေမှု၊ သင်တန်းဆောင် အဆောက်အဦအတွင်း ထပ်မံလစ်လပ်နိုင်မည့်နေရာများတွင် နေရာချထား နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့် အဆောက်အဦ ပြင်ပမြေနေရာများတွင် ယာယီတဲများ တည်ဆောက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ငလျင်ဘေးသင့်ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေစွာ အသုံးပြုနိုင်ရေး၊ ရေလုံလောက်စွာရရှိရေး၊ အဆောက်အဦများ၊ အဆောင်များအတွင်း လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေးနှင့် ဝန်အား နိုင်နင်းစွာ အသုံးပြုနိုင်စေရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းတို့သို့ သွားရောက်ပြီး ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယာယီပြောင်းရွှေ့နေရာချထားမှု၊ နေထိုင်စားသောက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ အားပေးစကားပြောကြားခဲ့ပြီး မိမိတို့နေထိုင်ရာ အဆောက်အဦအတွင်း/ အပြင် သန့်ရှင်း သပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန်နှင့် မီးဘေးအန္တရာယ်မဖြစ်စေရေး ဂရုပြုနေထိုင်သွားရန် မှာကြားခဲ့ပြီး ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား အလှူရှင်များမှ ပေးပို့လှူဒါန်းသည့် သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာ များအား ထောက်ပံ့ပေးအပ်ခဲ့ကာ ဝင်းများအတွင်းရှိ ဓမ္မာရုံများတွင် ထပ်မံပြောင်းရွှေ့ပေးရန် လိုအပ်သည့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယာယီနေရာချထား ပေးနိုင်ရေးနှင့် ရုံးအဆောက်အဦဟောင်းများကို အမြန်ပြန်လည်ပြုပြင်ပြင်ဆင်၍ နေရာချထား နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။