The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် ပြင်ဆင်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော် ဧပြီလ ၄ ရက်

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ မဂ္ဂနီကျု ၇.၇ အဆင့်ရှိ အင်အားပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားလိုင်းများနှင့် ဓာတ်အား ခွဲရုံများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေတို့အား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ ညနေပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

   ဦးစွာ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့သည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၈)သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ထရန်စဖော်မာများ၊ ဓာတ်အား လိုင်းများနှင့် ဓာတ်အားခွဲရုံဆက်စပ်ပစ္စည်းများ ပြန်လည်ပြင်ဆင်၍ ဓာတ်အားအမြန်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေးလိုင်းများအား ပြန်လည် ပြုပြင်ပြင်ဆင်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အမြန်ပြုပြင်ပြီးစီးရေး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   အဆိုပါ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးသွား ပါက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရိုး အထူးကုဆေးရုံ၊ ကလေးအထူးကုဆေးရုံ၊ မျက်စိအထူးကုဆေးရုံနှင့် သားဖွားဆေးရုံတို့အား ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါသည်။

   မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် လျှပ်စစ် ဆိုင်ရာ အခြေခံအဆောက်အအုံပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့၍ နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါသည်။ ဓာတ်အားအမြန်ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေးအတွက် မတ်လ ၂၉ ရက်နေ့မှစ၍ ငလျင်ဘေးဒဏ်အများဆုံးခံစားခဲ့ရသည့် နေပြည်တော်ကောင်စီ နယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ ပို့လွှတ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးလိုင်းများနှင့် ပင်မခွဲရုံများ၏ ပျက်စီးမှုများကို လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်း ၁၃၄ ဦးဖြင့် ပြင်ဆင်ခဲ့ရာ မတ်လ ၃၀ ရက်နေ့တွင် အမျိုးသားဓာတ်အားကွန်ရက် (National Grid)ဖြင့် ဓာတ်အားပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ပါသည်။

   နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အား ခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေရှိ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၆၀ ဦးတို့ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် မန္တလေး တိုင်းဒေသကြီးရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့မှ  လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၆၉၀ ဦးတို့ဖြင့်လည်းကောင်း၊ စစ်ကိုင်းမြို့အတွင်း ပျက်စီးမှုများအား လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၈၀ ဦးတို့ဖြင့်လည်းကောင်း စုစုပေါင်းလျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း (၁၃၃၀)ဦးတို့ဖြင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ ပြိီးစီးမှုအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေတွင် ၇၅%၊ မန္တလေးတိုင်းဒေသကြီးတွင် ၅၈.၃၈%၊ စစ်ကိုင်းမြို့တွင် ၂၀% ဆောင်ရွက်ပြီးစီး၍ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ပြန်လည်ပြင်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများကို အမြန်ပြီးစီး နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။       

Post under by : ဝန်ကြီးရုံး
04-Apr-2025