၂၀၂၅ ခုနှစ်၊ ဧပြီလ (၄) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သဘာဝဘေးဒဏ်ကြောင့် သေဆုံး/ဒဏ်ရာရနှင့် ငလျင် ဘေးဒဏ် ခံစားခဲ့ရသော ဝန်ထမ်း/မိသားစုများသို့ ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၊ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၊ စားရိပ်သာဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ငလျင်ဘေး ဒဏ်သင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများမှ ထိခိုက်ပျက်စီးမှု များသူများအား ဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သလောက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြည်တွင်း/ပြည်ပ အလှူရှင်များ၊ အဖွဲ့အစည်းများ၏ ကူညီလှူဒါန်းမှုများဖြင့်လည်း အတတ်နိုင်ဆုံး ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် ဉတ္တရ သီရိမြို့နယ်ရှိ နေပြည်တော်ဗဟိုသင်တန်းကျောင်းနှင့် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်းတို့တွင် ယာယီစုစည်း၍ နေရာချထား ဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေစွာဖြင့် မိုးလုံလေလုံနေထိုင်အောင် ထပ်မံလိုအပ်မည့် ယာယီ တဲများ၊ ယာယီသန့်စင်ခန်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများကလည်း မိမိတို့ယာယီနေထိုင်ရာ ပတ်ဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်စွာဖြင့် စည်းကမ်း ရှိရှိ စည်းလုံးညီညွတ်စွာ စနစ်တကျ နေထိုင်သွားကြရန်နှင့် အခက်အခဲများရှိပါကလည်း တာဝန်ရှိသူများထံတင်ပြပြီး တာဝန်ရှိသူများကလည်း လိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အပြည့်အဝ ရုံးတက်ရောက် နိုင်ရေးအတွက် ရုံးအဆောက်အဦများကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများ အနေဖြင့်လည်း နေထိုင်မှုအဆင်ပြေပါက ရုံးတက်ရောက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်နှင့်ဝန်ကြီးဌာနမှလည်း လိုအပ်ချက်များအား အတတ်နိုင်ဆုံး ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သေဆုံးသူဝန်ထမ်း (၂)ဦး၊ သေဆုံးသူမှီခို (၂၁)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ဝန်ထမ်း(၁၆)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူမှီခို (၁၄)ဦးနှင့် တိုက်ပြိုကျပျက်စီး၍ ပစ္စည်းလုံးဝမရရှိသူ ဝန်ထမ်း(၄၈)ဦးတို့အား အဝတ်အထည် အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။