၂၀၂၅ ခုနှစ်၊ ဧပြီလ (၃) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ဝန်ထမ်းများအား ယာယီနေထိုင် နိုင်ရန်အတွက် ဉတ္တရသီရိမြို့နယ် နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ဝန်ထမ်းနှင့် မှီခို မိသားစုဦးရေ စုစုပေါင်း ၅၆၈ ဦးအားလည်းကောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၁၉၅ ဦးအားလည်းကောင်း ယာယီစုစည်း၍ နေရာချထားဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ငလျင် ဘေးသင့်ဝန်ထမ်းများအား ယာယီပြောင်းရွှေ့နေရာချထားသည့် ဥတ္တရသီရိမြို့နယ်ရှိ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းသို့ သွားရောက်ပြီး အလှူရှင်များမှ ပေးပို့လှူဒါန်းသည့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ငလျင်ဘေးသင့် ဝန်ထမ်းများ နေရာချထားမှု၊ နေထိုင်စားသောက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း ယာယီပြောင်းရွှေ့နေထိုင်လျက် ရှိသည့် ငလျင်ဘေးသင့်ဝန်ထမ်းများအား အလှူရှင်များမှ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာ များနှင့် လူသုံးကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗဟိုသင်တန်းကျောင်းဝန်း အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများအား နေရာချထားမှု၊ နေထိုင်စားသောက်မှု၊ ယာယီ ရေသုံးစွဲနိုင်ရေးစီစဉ်ထားရှိမှုနှင့် မီးဖိုဆောင်၊ ယာယီမိုဘိုင်းအိမ်သာ တည်ဆောက်နိုင်ရေး စီစဉ် ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဉတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းဝန်းအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများကို ထမင်းဘူးများနှင့် သောက်ရေသန့်ဘူးများအား ဝေငှပေးခဲ့ပြီး အလှူရှင်များမှ လာရောက်လှူဒါန်းသည့် စားသောက်ကုန်ပစ္စည်းများအား လက်ခံရယူ၍ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။