နေပြည်တော် မတ် ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မန္တလေးမြို့၏အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ မဂ္ဂနီကျု ၇.၇ အဆင့်ရှိ အင်အားပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် မြေငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးရုံးများမှ ဝန်ထမ်းမိသားစုများအား ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း တို့သည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ငလျင်ဒဏ်ကြောင့်နေထိုင်ရန်အခက်အခဲ ရှိနေသော ဝန်ထမ်းများ အတွက် ယာယီပြောင်းရွှေ့နေရာချထားသည့် ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းရေအားလျှပ်စစ်ဝင်း သို့သွားရောက်၍ နေရာချထားမှုအစီအစဉ်များကြည့်ရှုခြင်း၊ ဝန်ထမ်းမိသားစုဝင်များအား တွေ့ဆုံ အားပေးစကားပြောကြားခြင်းနှင့် ကျိုင်းတောင်းဆောင်၊ နန်ချိုဆောင်၊ ရွှေလီဆောင်ရှိ ဝန်ထမ်းများ နေထိုင်မှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဉတ္တရသီရိ မြို့နယ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ နေပြည်တော်ဗဟိုသင်တန်းကျောင်းသို့ သွားရောက်ကာ ယာယီ ပြောင်းရွှေ့နေရာချထားသည့် ဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး သင်တန်းသား စာသင်ဆောင်နှင့် အိပ်ဆောင်နေရာများရှိ နေရာချထားမှုများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင် တို့သည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ဝန်ထမ်းအိမ်ရာအတွင်း ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ရေသုံးစွဲနိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများ၊ ဝန်ထမ်း မိသားစုဝင်များအတွက် ယာယီဆေးခန်းဖွင့်လှစ်ပေးထားမှုအခြေအနေများနှင့် ဒက္ခိဏသီရိ မြို့နယ်ရှိ အိမ်ထောင်စု (၄၈)စုအတွက် ယာယီစခန်း(၁)ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုကာ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်ထောင်စု (၁၀၀) အတွက် ဇမ္ဗူသီရိမြို့နယ်ရှိ ယာယီစခန်း(၂) လျာထားမြေနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာရှိ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ငလျင်ဒဏ်သင့် ဝန်ထမ်း မိသားစုများအား သွားရောက်တွေ့ဆုံကာ ဝန်ထမ်းအိမ်ရာပျက်စီးဆုံးရှုံးမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး စားသောက်ဖွယ်ရာများပေးအပ်၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။