၂၀၂၅ ခုနှစ်၊ ဧပြီလ (၉) ရက်
မန္တလေးငလျင်ကြီးကြောင့်မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှသေဆုံး/ဒဏ်ရာရနှင့် ငလျင် ဘေးဒဏ် ခံစားခဲ့ရသော ဝန်ထမ်း/ မိသားစုများသို့ ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ဒုတိယဝန်ကြီး ဦးအေးကျော်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့မှ လာရောက်ကူညီဆောင်ရွက်သူ ဝန်ထမ်း များအား ဝန်ကြီးဌာနမှ တတ်နိုင်သလောက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှလည်း ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အတူ ပြည်တွင်း/ပြည်ပ အလှူရှင်များ၊ အဖွဲ့အစည်းများ၏ ကူညီလှူဒါန်းမှုများဖြင့်လည်း အတတ်နိုင်ဆုံး ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင် နိုင်ရန်အတွက် နေရာချထားဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများက လည်း မိမိတို့ ယာယီနေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် သန့်ရှင်းသပ်ရပ်စွာဖြင့် စည်းကမ်းရှိရှိ စည်းလုံးညီညွတ်စွာ စနစ်တကျနေထိုင်သွားကြရန်နှင့် အခက်အခဲများရှိပါကလည်း တာဝန် ရှိသူများထံ တင်ပြပြီး တာဝန်ရှိသူများကလည်း လိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း နေထိုင်မှု အဆင်ပြေပါက ရုံးတက်ရောက်နိုင်ရေးဆောင်ရွက်သွားရန်၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှလည်း လိုအပ်ချက်များအား အတတ်နိုင်ဆုံး ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌက အင်အားပြင်း မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ် ကြောင့် သေဆုံးသူဝန်ထမ်း (၁)ဦး၊ သေဆုံးသူမှီခို (၁)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ဝန်ထမ်း(၂)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူမှီခို (၁)ဦး၊ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ (၂၀၂၃)ဦးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ လာရောက် ကူညီဆောင်ရွက်သူ ဝန်ထမ်း (၁၃၃)ဦးတို့အား ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး မှုများဖြစ်ခဲ့သည့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အတွင်းရှိ ဝန်ထမ်း အိမ်ရာများအားလည်းကောင်း၊ အောင်မြေသာစံမြို့နယ် ၈၁ လမ်းနှင့် လမ်း ၂၀ ထောင့်ရှိ ၃၃ ကေဗွီ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား လည်းကောင်း၊ ချမ်းအေးသာစံ မြို့နယ် ၈၄ လမ်းနှင့် ၂၈ လမ်းထောင့်ရှိ ၁၁ ကေဗွီလိုင်းနှင့် ထရန်စဖော်မာ (၂)တိုင်စင် ပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် ၁၀၇ လမ်းနှင့် ၅၈-၅၉ လမ်းကြားတွင် ၃၃ ကေဗွီ ဓာတ်အားလိုင်း ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန်နှင့် ဓာတ်အားအမြန် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ပြုပြင် ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် လျှပ်စစ် ဆိုင်ရာ အခြေခံအဆောက်အအုံပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့၍ နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ ဓာတ်အားအမြန်ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေးအတွက် မတ်လ ၂၉ ရက်နေ့မှစ၍ ငလျင်ဘေးဒဏ်အများဆုံးခံစားခဲ့ရသည့် နေပြည်တော်ကောင်စီ နယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ ဓာတ်အားအမြန်ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီ နယ်မြေရှိ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၆၀ ဦးတို့ဖြင့်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည် ပြုပြင် နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၆၉၀ ဦးတို့ဖြင့် လည်းကောင်း၊ စစ်ကိုင်းမြို့အတွင်း ပျက်စီးမှုများအား လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၈၀ ဦးတို့ဖြင့် လည်းကောင်း စုစုပေါင်းလျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း (၁၃၃၀)ဦးတို့ဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ ပြီးစီးမှုအနေဖြင့် နေပြည်တော် ကောင်စီနယ်မြေတွင် ၉၆.၅%၊ မန္တလေးတိုင်းဒေသကြီးတွင် ၉၇.၅၄%၊ စစ်ကိုင်းမြို့တွင် ၅၅% ဆောင်ရွက်ပြီးစီး၍ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို အမြန်ပြီးစီးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။