၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၁ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုဂ္ဂလိကပိုင် အနေဖြင့် ဓာတ်အားထုတ်လုပ်လျက်ရှိသော ကျောက်ဆည်မြို့နယ်ရှိ ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့ အင်ဂျင်ဓာတ်အားပေးစက်ရုံနှင့် သာစည်မြို့နယ်ရှိ သပြေဝနှင့် သာစည် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး မှုများဖြစ်ပေါ်ခဲ့မှုနှင့် ပြန်လည်ပြုပြင် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဂ္ဂလိကပိုင်အနေဖြင့် ဓာတ်အားထုတ်လုပ် လျက်ရှိသော ကျောက်ဆည်မြို့နယ်ရှိ Powergen Kyaukse Co.,Ltd ၏ ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက မန္တလေးငလျင်ကြီး ကြောင့် ဓာတ်အားပေးစက်ရုံ စက်ရုံအဆောက်အဦများ အက်ကွဲခြင်း ဖြစ်ပေါ်ခဲ့မှု၊ ဓာတ်အားပေး စက်များ ရွေ့လျားသွားမှု၊ စက်ပိုင်းဆိုင်ရာပစ္စည်းများ ထိခိုက်ပျက်စီးခဲ့မှု၊ Switch Yard အတွင်း ထရန်စဖော်မာများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ စက်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပြန်လည် ထုတ်လုပ်ပေးနိုင်ရေးအတွက် ပြုပြင်ခြင်းလုပ်ငန်းများအား အမြန်ပြုပြင်ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံအတွင်းရှိ စက်ရုံ အဆောက်အဦထိခိုက်ပျက်စီးခဲ့မှု၊ Gas Engine ဓာတ်အားပေးစက် (၈)လုံး အထိုင်များ ရွေ့လျား သွားမှု၊ စက်များအတွင်းမှ ဆီများ ယိုစိမ့်နေမှု၊ Gas Engine Generator များ ထိခိုက်ခဲ့မှု၊ Switch Yard အတွင်း ထ်စဖော်မာများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ စက်ပစ္စည်းများ ထိခိုက် ပျက်စီးခဲ့မှု၊ Fire Fighting System ထိခိုက်ပျက်စီးခဲ့မှုနှင့် ပျက်စီးသွားသည့် စက်ပစ္စည်းများ ပြန်လည်တပ်ဆင်နိုင်ရန် စစ်ဆေးဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည်ရှု စစ်ဆေးခဲ့ပြီး ထိခိုက်ပျက်စီးသွားသော စက်ပစ္စည်းများအား အမြန်စစ်ဆေးပြုပြင်ပြီး ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကျောက်ဆည်မြို့နယ်ရှိ Powergen Kyaukse Co.,Ltd ၏ ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ပုဂ္ဂလိကပိုင် ဓာတ်အားပေးစက်ရုံ စက်ရုံအဆောက်အဦများ အက်ကွဲခြင်း၊ ဓာတ်အားပေးစက်များ ရွေ့လျားသွားခြင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ပျက်စီးသွားသော စက်အစိတ်အပိုင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် အစားထိုးတပ်ဆင်ခြင်းလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ဓာတ်အားပေးစက်များအားလုံး ပုံမှန်အတိုင်း (၁၄၅) မဂ္ဂါဝပ် ပြန်လည်ဓာတ်အားထုတ်လုပ်နိုင်ရန် အနည်းဆုံး အချိန် (၄) လခန့် ကြာမြင့်မည်ဖြစ်သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ဆောလျင်စွာပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက် ရှိပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဂ္ဂလိကပိုင်အနေဖြင့် ဓာတ်အားထုတ်လုပ် လျက်ရှိသော သာစည်မြို့နယ်ရှိ Clean Power Energy Co.,Ltd ၏ သပြေဝ (၃၀)မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ကုမ္ပဏီမှ တာဝန်ရှိသူများက ငလျင်ဘေးဒဏ်ကြောင့် သပြေဝနှင့် သာစည် ဆိုလာစက်ရုံများရှိ ဆိုလာတန်းများ၊ ဆိုလာတိုင်များ၊ ဆိုလာချပ်များ၊ Pile Cap Foundation များ၊ ဆက်သွယ် ထားသောကြိုးများနှင့် ဆက်စပ်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့မှု၊ လက်ရှိအချိန်ထိ ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုနှင့် ပြင်ဆင်ရန်ကျန်ရှိသည်များအား သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဂ္ဂလိကပိုင်အနေဖြင့် ဓာတ်အားထုတ်လုပ် လျက်ရှိသော Great Success Energy Co., Ltd. ၏ သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ငလျင်ဘေးဒဏ်ကြောင့် မြေများ ချိုင့်ဝင် သွားခြင်း၊ Transmission Line Pole No. 131 ၏ Footing ကွဲအက်ခြင်း၊ ဓာတ်အားကြိုးများ ပျက်စီးခြင်း၊ Solar Pannal များ တပ်ဆင်နိုင်ရန် တိုးချဲ့တည်ဆောက်နေမှုနှင့် ဓာတ်အား ထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပေးနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေး ငလျင် ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ (၃)ရုံတို့တွင် ထိခိုက် ပျက်စီးမှုများဖြစ်ခဲ့ပြီး ဆိုလာနှင့် စက်စပ်ပစ္စည်းများ ပျက်စီးမှုအား အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေး ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် (၂၅)% ဆောင်ရွက်ပြီးစီး နေပြီဖြစ်ပြီး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများအား ရာနှုန်းပြည့်ပြီးစီး၍ (၉၀) မဂ္ဂါဝပ် ပြန်လည် ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။