၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ယာယီနေထိုင်နိုင်ရန်အတွက် ဉတ္တရသီရိမြို့နယ် နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၁၀၆၉ ဦးအား လည်းကောင်း၊ ပေါင်းလောင်း ရေအား လျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၄၀၅ ဦးအား လည်းကောင်း ယာယီစုစည်း၍ နေရာချထား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ အလှူရှင်များမှ လာရောက် လှူဒါန်းသည့် ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်း ရွက်ဖျင်တဲများအား လက်ခံပြီး ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန် ရွက်ဖျင်တဲများ အမြန်တပ်ဆင် တည်ဆောက်နေမှု၊ သင်တန်းဆောင် အဆောက်အဦခန်းမအတွင်း အခန်းများဖွဲ့စည်း၍ နေရာ ချထားမှုနှင့် Modular House များ တည်ဆောက်နိုင်ရန် မြေနေရာပြုပြင်ဆောင်ရွက်နေမှု၊ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းနှင့် နေပြည်တော်ပင်မဓာတ်အား ခွဲရုံ(၂)တို့တွင် နေရာချထားနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် Southern Power Grid (CSG) မှ လာရောက်လှူဒါန်းသည့် ၃ မီတာ x ၄ မီတာ အရွယ် ယာယီရွက်ဖျင်တဲ (၁၃၀)လုံးနှင့် ၅ မီတာ x ၆ မီတာ အရွယ် ယာယီရွက်ဖျင်တဲ (၁၂)လုံးတို့အား လက်ခံပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း မြေနေရာလွတ်များတွင် ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် Southern Power Grid (CSG) မှ လာရောက်လှူဒါန်းသည့် ယာယီရွက်ဖျင်တဲများ တပ်ဆင် တည်ဆောက်နေမှု၊ သင်တန်းဆောင် အဆောက်အဦခန်းမအတွင်း အခန်းများဖွဲ့စည်း ဆောင်ရွက်ပြီး၍ ဝန်ထမ်းများနှင့် မှီခိုမိသားစု များအား နေရာချထားမှု၊ သင်တန်းကျောင်းဝင်းအတွင်း မြေနေရာလွတ်များတွင် Modular House များ တည်ဆောက်နိုင်ရန် Backhoe ယာဉ်ဖြင့် မြေနေရာပြုပြင် ဆောင်ရွက်နေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ယာယီဆေးခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုနှင့် ယာယီ တဲများတည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ငလျင်ဘေးသင့် ဝန်ထမ်း များနှင့် မှီခိုမိသားစုများအား ရေ၊ မီး၊ မိလ္လာ ပြည့်စုံအဆင်ပြေစွာဖြင့် နေထိုင်နိုင်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ပြီးစီးရေး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇေယျာ သီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းသို့ သွားရောက်ပြီး ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ယာယီနေထိုင်နိုင်ရေးအတွက် ရုံးအဆောက် အဦများ ပြင်ဆင်ဆောင်ရွက်နေမှုအား အဆောက်အဦတစ်ခုချင်းစီအလိုက် အသေးစိတ် လိုက်လံစစ်ဆေး၍ အခန်းများဖွဲ့စည်းပြီး စနစ်တကျနေရာချထားနိုင်ရေးနှင့် ရေမီးပြည့်စုံ စွာဖြင့် အဆင်ပြေစွာနေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ပင်မဓာတ်အားခွဲရုံ(၂)သို့ ရောက်ရှိပြီး ဝန်ထမ်းအိမ်ရာရှိ မြေနေရာလွတ်များတွင် ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား အနည်းဆုံးတစ်နှစ်တာကာလ လုံခြုံစွာနေထိုင်နိုင်ရေး အတွက် ၆ ခန်းတွဲ ၁ ထပ် ယာယီ ဘာရှာ အဆောက်အဦများ တည်ဆောက်နိုင်ရေး မြေနေရာများအား ရွေးချယ်သတ်မှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။