The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်း အခမ်းအနားကို ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်း များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ အရာထမ်း၊  အမှုထမ်းများ တက်ရောက်ကြပါသည်။  

          ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများက မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဇီဝိတဒါနအဖြစ် ငါးမြစ်ချင်း ငါးသားပေါက်များနှင့် ငှက်များအား ကုသိုလ်မင်္ဂလာ ပြု၍ စုပေါင်းဘေးမဲ့လွှတ်ခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ဗဟိုသင်တန်းကျောင်း စားရိပ်သာ၌ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်စိုးစိုးဟန်မိသားစုတို့က မြန်မာနှစ်ဆန်းတစ်ရက်နေ့ စတုဒိသာအဖြစ် လှူဒါန်းသည့် ရွှေရင်အေးနှင့် နံနက်စာ၊ အလှူရှင်များက လာရောက်လှူဒါန်းသည့် ငါးပိကြော်ဗူးနှင့် ချဉ်ပေါင်ရွက်ကြော် ဗူးများကို ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့် ဝန်ထမ်းများ နှင့် မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် China Southern Power Grid (CSG) မှ လာရောက်လှူဒါန်းသည့် ယာယီရွက်ဖျင်တဲများအနက်မှ တပ်ဆင်တည်ဆောက်ပြီးစီးသည့် တဲများနှင့် သင်တန်းဆောင်များအတွင်း အခန်းများဖွဲ့စည်းပြီးသည့် ခန်းမများတွင် နေထိုင် လျက်ရှိသည့် ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား နေရာချထားမှုအခြေ အနေတို့ကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
18-Apr-2025