The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် အင်ဂျင်နီယာချုပ်ရုံးနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦများအတွက် ယာယီရုံးခန်းနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦများဆောက်လုပ်နေမှု၊ ယာယီနေရာချထားမှုအခြေအနေများနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ များရှိ ဓာတ်အားလွှတ်ပစ္စည်းများအား ပြန်လည်ပြင်ဆင်၍ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ဓာတ်အားခငွေလက်ခံကောင်တာနှင့် ဝန်ထမ်း အိမ်ရာများ၏ ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ထိခိုက်ပျက်စီးခဲ့မှုများအတွက် ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားခငွေလက်ခံကောင်တာဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ယာယီရုံးခန်းနှင့် ဝန်ထမ်းအိမ်ယာအဆောက်အဦအသစ်များ တည်ဆောက်ပေးလျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပျက်စီးခဲ့မှုများအား စနစ် တကျအန္တရာယ်ကင်းရှင်းစွာဖြင့် ရှင်းလင်းဖယ်ရှားသွားရန်နှင့် ယာယီရုံးခန်းနှင့်ဝန်ထမ်း အိမ်ရာအဆောက်အဦများတည်ဆောက်ရာတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အဆင်ပြေချောမွေ့စွာဖြင့်နေထိုင်သွားနိုင်ရေး လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။

   ၎င်းနောက် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၁)၊ ဓာတ်အားခွဲရုံအမှတ်(၃)၊ ဓာတ်အားခွဲရုံအမှတ်(၆)နှင့် ဝဏ္ဏသိဒ္ဓိအားကစားဓာတ်အားခွဲရုံများသို့သွားရောက်၍ Control Room နှင့် Switch Yard အတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ဓာတ်အားလွှတ် ပစ္စည်းများအား ပြန်လည်ပြင်ဆင်၍ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေများ၊ ဓာတ်အားခွဲရုံဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ယာယီနေရာ ချထားပေးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားဓာတ်အားခွဲရုံဝန်းအတွင်းရှိ နေပြည်တော်အင်ဂျင်နီယာချုပ်ရုံး ယာယီပြောင်းရွှေ့ ဖွင့်လှစ်ထားသည့် ADMS အဆောက် အဦသို့ရောက်ရှိရာ တာဝန်ရှိသူများက ယာယီရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီပြောင်းရွှေ့နေထိုင်မှုအခြေအနေများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံထိခိုက်ပျက်စီးမှုအခြေအနေများအား ပြန်လည်ပြုပြင် ပြီးစီး၍ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
05-May-2025