၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစု များအား ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ယာယီနေထိုင်နိုင်ရန် အဆောက်အဦများ ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်နေမှု၊ ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ အပြာရောင်အဆင့် သတ်မှတ်ထားသော သဇင်(၄) အပျိုဆောင်များအား ပြန်လည်ပြုပြင် ပြင်ဆင်နေမှု၊ ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁)တည်ဆောက်ရေးဝင်းအတွင်း ယာယီနေထိုင်နိုင်ရန် အဆောက်အဦများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်းရှိ မြေနေရာလွတ်များတွင် ဝန်ကြီး ဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေ လုံခြုံစွာ နေထိုင်နိုင်ရန်အတွက် ၂၀ ပေ x ၁၂၀ ပေ အရွယ်အစားရှိ Modular (prefabricated) house (၂)ထပ် အဆောက်အဦ (၁၀)လုံး တည်ဆောက်နိုင်ရန် စက်ယန္တရားကြီးများဖြင့် မြေနေရာ ပြုပြင်၍ မြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မြေသိပ်သည်းမှုရရှိရန် ဆောင်ရွက်နေမှု၊ ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လမ်းမီးတိုင်များ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေရရှိရေး၊ မီးဖိုဆောင်နှင့် သန့်စင်ခန်းများ တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ရေ၊ မီး၊ မိလ္လာ ပြည့်စုံအဆင်ပြေစွာဖြင့် လုံခြုံစွာ နေထိုင်နိုင်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် မိုးမကျမီ အမိုးအကာအောက် ရောက်ရှိ နေရာချထားနိုင်ရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများ အား မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အပြာရောင်အဆင့် သတ်မှတ်ထားသော သဇင်(၄) အပျိုဆောင် (၁၁)၊(၁၂)(၁၃)(၁၄) အဆောင်များတွင် ပြန်လည်နေရာချထားနိုင်ရေးအတွက် အဆောက်အဦ များအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦနံရံများနှင့် မျက်နှာ ကျက်များအား ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှု၊ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာဖြင့် သုံးစွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေတို့ကို အဆောင်တစ်ခုချင်းစီအလိုက် လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြုပြင် ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် ပြန်လည်နေရာ ချထားနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဝင်းနှင့် အမှတ် (၁) တည်ဆောက်ရေးဝင်း တို့သို့ သွားရောက်ပြီး ဓမ္မာရုံများအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီပြောင်းရွှေ့ နေရာချထားမှု၊ နေထိုင်စားသောက်မှုအခြေအနေတို့ကို ကြည့်ရှု၍ ယာယီ နေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပြီးစီးမည့် အဆောက်အဦများတွင် နေရာချထားပေးနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး အဆောက်အဦများ ပြင်ဆင်ဆောင်ရွက်နေမှုအား အဆောက်အဦ တစ်ခုချင်းစီအလိုက် အသေးစိတ် လိုက်လံကြည့်ရှု စစ်ဆေး၍ အဆောက်အဦများအတွင်း အခန်းများ ပြင်ဆင်ဖွဲ့စည်းထားရှိမှု၊ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာ သုံးစွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ အဆောက်အဦ ပြုပြင် ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး၊ မိုးမကျမီ အမိုး အကာအောက် ရောက်ရှိရေးနှင့် စနစ်တကျ နေရာချထားနိုင်ရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။