The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၃၀ ကေဗွီ၊ ပျဉ်းမနားဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှု၊ မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံဝန်းအတွင်းရှိ ဝန်ထမ်း အိမ်ရာအဆောက်အဦများပြင်ဆင်နေထိုင်နေမှု၊  ယာယီဝန်ထမ်းအိမ်ရာအဆောက်အဦများ ဆောက်လုပ်နေမှု၊ ယာယီနေရာချထားမှုအခြေအနေများနှင့် ၃၃/၁၁ ကေဗွီ ပေါင်းလောင်း တိုးချဲ့ဓာတ်အားခွဲရုံမှ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ခန်းအတွင်းနှင့် Switch Yard အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှုအခြေအနေများ၊ မန္တလေးငလျှင်ကြီးကြောင့် ဝန်ထမ်း အိမ်ရာများ၏ ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည် ပြင်ဆင်နေမှုနှင့်  ယာယီဝန်ထမ်းအိမ်ယာအဆောက်အဦအသစ်များ တည်ဆောက်ပေးလျက် ရှိသည့် အခြေအနေများ၊ ထပ်မံ၍ ဓာတ်အားခွဲရုံဝန်းအတွင်း Container House များ ဆောက်လုပ်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အား စဉ်ဆက်မပြတ်ပို့လွှတ်နိုင်ရေးအတွက် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများအား အစီအမံများ အတိုင်းလုပ်ဆောင်သွားရေး၊ မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား SOP လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားရေး၊ ထပ်မံနေရာချထားမည့် ဝန်ထမ်း အိမ်ထောင်စု များအတွက် အစီအစဉ်များအပေါ် အဓိကလိုအပ်ချက်ဖြစ်သည့် ရေ၊ မီး၊ မိလ္လာစနစ်များကို ကြိုတင်ညှိနှိုင်းစီစဉ်သွားရန် မှာကြားကာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။

   ထို့နောက် ၃၃/၁၁ ကေဗွီ ပေါင်းလောင်းတိုးချဲ့ဓာတ်အားခွဲရုံသို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက Control Room နှင့် Switch Yard အတွင်း မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် ဓာတ်အားလွှတ်ပစ္စည်းများအား ပြန်လည်ပြင်ဆင်၍ ပုံမှန်ဓာတ်အားဖြန့်ဖြူး ပေးထားမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက မကြာမှီကာလတွင် ပြန်လည်ကျင်းပမည့်တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စခန်းသွင်းနေရာနှင့် စာစစ်ဌာနများ ဓာတ်အားစဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် မိုးမကျမှီကာလတွင် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများအား ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစွာဆောင်ရွက်သွားရေး မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

Post under by : ဝန်ကြီးရုံး
12-May-2025