၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၁၅ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်း ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အား ထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်လျက်ရှိသည်များအနက်မှ ရှမ်း ပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် (၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅)တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် တည်ဆောက်ပြီး မောင်းနှင်လည်ပတ်လျက်ရှိသည့် ကျိုင်းတောင်းဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုအခြေအနေများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းသို့ရောက်ရှိပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ခင်းကျင်းပြသထားသော စီမံကိန်းပုံစံငယ်နှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ မြေကြီးကျောက်သား နမူနာများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ရှင်းလင်းဆောင်ခန်းမတွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်း ဆိုင်ရာအချက်အလက်များ၊ စီမံကိန်း၏ အဓိကလုပ်ငန်းကြီးများဖြစ်သည့် ရေလွှဲ ရေထုတ်ပြွန်၊ ပင်မတမံ၊ ပင်မရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့် သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ရာဂီမုန်တိုင်းကြောင့် ကျိုင်းတောင်းဓာတ်အား ပေးစက်ရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်း တင်ပြကြပါသည်။
၎င်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက တည်ဆောက်ပြီးဖြစ်သော ကျိုင်းတောင်းဓာတ်အားပေးစက်ရုံ၏ စက်ရုံဆိုင်ရာ အချက် အလက်များ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှု၊ နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှု၊ ဓာတ်အား ပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး ဓာတ်အားပေးစက်ရုံအတွင်း ရေများဝင်ရောက်၍ ပျက်စီးခဲ့မှုနှင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးခဲ့မှုအခြေအနေ တို့ကို ရှင်းလင်းတင်ပြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များ ရရှိမှုအပေါ်အခြေခံ၍ စီးပွားရေးအရ တွက်ချေ ကိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီး ရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ၎င်းအပြင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေများအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ အမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြု စေရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စံချိန်စံညွှန်းပြည့်မီရေးနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး အထူးအလေးထား၍ ဆောင်ရွက် သွားကြရန်နှင့် ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ရရှိသုံးစွဲနိုင်စေရေးအတွက် စီမံကိန်းအား ဆောလျင်စွာပြီးစီးရေးကို အားလုံးဝိုင်းဝန်းကြိုးပမ်း၍ အားသွန်ခွန်စိုက်တွန်းအား ပေးဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသော ဝန်ထမ်း များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း တည်ဆောက် ပြီးဖြစ်သော ပင်မတမံ၊ ပင်မရေပိုလွှဲ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်း တံခါးပြွန်နှင့် တည်ဆောက်ဆဲဖြစ်သော ဖိအားမြင့် သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် Switchyard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည် များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါအထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျား (၁၈၀၀)ပေ အမြင့် (၂၃၀)ပေရှိ ဇုန်အမျိုးအစားကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင် ပမာဏမှာ (၁၀၄၀၀၀)ဧကပေရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်(၃)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား (၅၁)မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း (၂၆၇)သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြုစီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိ အချိန်တွင် စီမံကိန်းတစ်ခုလုံး၏ (၉၀.၅၆) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတောင်းမြို့၏ အရှေ့တောင်ဖက် (၁၈)မိုင်ခန့်အကွာ နန့်တိန်ချောင်းပေါ်တွင် တည်ဆောက်ထားရှိသော ကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံရေလွှဲဆည်အတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် သဘာဝဘေး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်အတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Weir(3)၊ Trash Rack များ ပြုပြင်တည်ဆောက်ခြင်းနှင့် စက်ရုံရေထုတ်မြောင်း ပြုပြင် ထိန်းသိမ်းခြင်း၊ ထပ်မံတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး Switchyard အတွင်း ရေဝင်ရောက်မှုကြောင့် ပျက်စီးခဲ့မှုနှင့် ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဓာတ်အားပေး စက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဓာတ်အားပေးစက်များအား ကြံ့ခိုင်မှုရှိစေရေး စဉ်ဆက် မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်သွားရန်၊ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားပေး စက်ရုံအတွင်း ရေဝင်ရောက်မှု ထပ်မံမဖြစ်စေရေး လိုအပ်သည်များကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရန်၊ ဓာတ်အားပေးစက်ရုံ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးကိုအထူး ဂရုပြု ဆောင်ရွက် သွားရန် မှာကြားခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ဓာတ်အားပေးစက်ရုံ ပျက်စီးမှုများကို စက်ရုံ ဝန်ထမ်းများဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်း၍ အမြန်ဆုံးပြင်ဆင်ပြီး ဓာတ်အား ပြန်လည် ထုတ်လုပ်ပေးနိုင်ခဲ့မှုအပေါ် အသိအမှတ်ပြုဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါ သည်။
ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲ မြို့နယ်တွင် တည်ရှိပြီး ၁၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်(၃)လုံးဖြင့် တပ်ဆင်အင်အား ၅၄ မဂ္ဂါဝပ် ရှိကာ နှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၃၇၇.၆သန်း ထုတ်လုပ်ပေးလျက်ရှိသော တိုက်ရိုက် ရေသွယ်စနစ် (Run Off River Type) စက်ရုံတစ်ရုံဖြစ်ပြီး ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အားများကို ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။