၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်ရှိ နမ့်စန်ပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအား ကြည့်ရှုစစ်ဆေး၍ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်း များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နမ့်စန်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားဖြန့်ဖြူး ပေးပို့ရာတွင် ဗို့အားပြည့်ဝစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ဓာတ်အား ခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး တို့အတွက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျ ပုံမှန် စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံအတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံ နယ်နိမိတ် ခြံစည်းရိုးများ ခိုင်ခံ့အောင် တည်ဆောက်ထားပြီး ကျူးကျော်ဝင်ရောက် နေထိုင်မှုများ မရှိစေရေး အလေးအနက်ထား ဆောင်ရွက်ရန်၊ ဝန်ထမ်းအင်အားနှင့် ဝန်ထမ်းအိမ်ရာများအား ချင့်ချိန်ပြီး နေရာချထားနိုင်ရေး၊ အဆောက်အဦများ ပျက်စီးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက် ကြရန်၊ ဓာတ်အားခွဲရုံဝန်းအတွင်း မြေလွတ်မြေရိုင်းများတွင် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး များ ပြုလုပ်၍ ဝန်ထမ်းများအား သက်သာချောင်ချိရေး ထောက်ပံ့နိုင်အောင် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး နမ့်စန်ပင်မဓာတ်အားခွဲရုံမှ လက်ရှိ ဓာတ်အားချိတ်ဆက် ပို့လွှတ်ထားသည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားလိုင်းအသစ်များ ဝင်ရောက်လာပါက ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေ အနေများနှင့် ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများ နှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ ဓာတ်အားခ ကောက်ခံရရှိမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်အတွင်း ဆောင်ရွက်ပြီး စီမံကိန်း/လုပ်ငန်းများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်း/လုပ်ငန်းများအခြေအနေ၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ အင်းလေးဒေသအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခကြွေးကျန်များ အပြည့်အဝ ရရှိရေး ရည်မှန်းချက်ထားဆောင်ရွက်ရန်နှင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် အများပြည်သူနှင့် ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကို မြှင့်တင်၍ ပြည်သူလူထု လေးစားရသော ဝန်ထမ်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့အားပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားရန် လိုအပ်ပြီး ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအပေါ် တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်နှင့် မြေနေရာလွတ်များတွင် သီးပင်စားပင်၊ နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန်၊ ဌာနတာဝန်ခံများအနေဖြင့်လည်း ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် ပြည်နယ်အဆင့်အထိ လစဉ် ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ပေးသွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။