၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၇ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တီကျစ်ကျောက်မီး သွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှု၊ နှစ်စဉ် ဓာတ်အားထုတ်လုပ်မှုနှင့် အမြင့်ဆုံး ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အား ပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ဘဏ္ဍာရေးနှစ်အလိုက် ကျောက်မီးသွေး ရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေ၊ အဆင့်(၂)ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက် ခြင်းလုပ်ငန်းများ ၇၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု၊ စက်ပစ္စည်းများ ရောက်ရှိမှုနှင့် လက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်များ စက်စွမ်းအားပြည့် မောင်းနှင်လည်ပတ် ထုတ်လုပ်နိုင်ရန်အတွက် စက်များ၏ ကြံ့ခိုင်ရေးကိုလည်း စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက် သွားရန်၊ အဆင့် (၂)အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးဆောင်ရွက်သွားရန်နှင့် အဆင့် (၂)အတွက် ပြည်ပမှ မှာယူထားသော တည်ဆောက်ရေးပစ္စည်းများ ဆိပ်ကမ်းသို့ ရောက်ရှိပါက အမြန် ထုတ်ယူနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မှာကြားရာ၌ ဓာတ်အားပေးစက်ရုံသည် နိုင်ငံတော်ပိုင်စက်ရုံဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံခြားသားပညာရှင် များနှင့် တွဲဖက်၍ ဓာတ်အားထုတ်လုပ်မောင်းနှင်ဆောင်ရွက်နေသော်လည်း မိမိတို့ ဌာန ဝန်ထမ်းများဖြင့် ဓာတ်အားထုတ်လုပ်ရန် လိုအပ်လာပါက ဓာတ်အားပေးစက်များအား ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်ကတည်းက ကျွမ်းကျင်မှုရှိစေရေး နည်းပညာပိုင်း ဆိုင်ရာအတွေ့အကြုံများရယူ၍ လေ့လာဆည်းပူးထားရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ နေထိုင်ရာ ဝန်ထမ်း အိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန်နှင့် သန့်ရှင်း သပ်ရပ်စွာ နေထိုင်သွားရန် လိုအပ်ကြောင်း၊ ဌာနတာဝန်ခံများအနေဖြင့်လည်း ဝန်ထမ်းများ၏ အခက်အခဲများ၊ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် တွေ့ဆုံပွဲ များ၊ ဆန္ဒဖော်ထုတ်ပွဲများ လစဉ်ပြုလုပ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးပွဲတော်များပြုလုပ်၍ သစ်ပင်များ စိုက်ပျိုးသွားရန်၊ စက်ရုံပတ်ဝန်းကျင်နှင့် ဝန်ထမ်းအိမ်ရာရှိ မြေလွတ်မြေရိုင်းများတွင် သီးပင်၊ စားပင်၊ အရိပ်ရ လေကာပင်နှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးသွားရန်နှင့် စက်ရုံလုံခြုံရေးအား အထူးဂရုပြု ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဂုဏ်ပြု သစ်သီးခြင်း ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားပေးစက်များ လည်ပတ်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေး၍ ကုမ္ပဏီမှ တာဝန်ရှိသူများအား ဂုဏ်ပြုသစ်သီးခြင်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ Machine Hall အတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ ဓာတ်အားထုတ်လုပ်ပေးနေမှု၊ အဆင့်(၂) ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ ၇၈ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးမှုနှင့် လက်ရှိတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
အဆင့် (၂)အဖြစ် ဆောင်ရွက်လျက်ရှိသော ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများမှာ လက်ရှိအချိန်တွင် ၇၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပြီး စက်တင်ဘာလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက လက်ရှိဓာတ်အားပေးစက် (၂)လုံးမှ ဓာတ်အား ၉၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိရာမှ ၁၂၀ မဂ္ဂါဝပ်သို့ တိုးမြှင့်၍ ဓာတ်အားထုတ်လုပ်သွားနိုင်မည်ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဓာတ်အား ပေးစက်များ စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်မောင်းနှင်နိုင်ရန်အတွက် ကျောက်မီးသွေး သိုလှောင်ရုံများအတွင်း ကျောက်မီးသွေးများ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေနှင့် ပြာသိုလှောင်ရုံအတွင်း ကျောက်မီးသွေးပြာများအား စနစ်တကျ ထုတ်ပိုးထားရှိမှုနှင့် သိုလှောင်ထိန်းသိမ်းထားရှိမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေး တူးဖော်ရေး လုပ်ကွက်သို့ ရောက်ရှိရာ တာဝန်ရှိသူက ကျောက်မီးသွေးများ တူးဖော်ထုတ်ယူနေမှု၊ ကျောက်မီးသွေးများအား Conveyor Belt ဖြင့် ဓာတ်အားပေးစက်ရုံရှိ ကျောက်မီးသွေး သိုလှောင်ရုံများသို့ သယ်ယူပို့ဆောင်ပေးနေမှုနှင့် ကျောက်မီးသွေးများ စဉ်ဆက်မပြတ် ဆက်လက်တူးဖော်ပေးပို့နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ပြည်ထောင်ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှင်းလင်းဆောင် ရှုရပ်မှနေ၍ ကျောက်မီးသွေးတူးဖော်ရေး လုပ်ကွက်အတွင်း စက်ယာဉ်/ ယန္တရားကြီးများဖြင့် ကျောက်မီးသွေးများ တူးဖော်ထုတ်ယူနေမှုနှင့် ကျောက်မီးသွေးများ စဉ်ဆက်မပြတ် ဆက်လက် တူးဖော်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောက်မီးသွေးများကို စဉ်ဆက် မပြတ် ဆက်လက်တူးဖော်ပေးပို့နိုင်ရေး၊ အရံကျောက်မီးသွေးများကိုပါ စုဆောင်းထားရှိရေး ဆောင်ရွက်သွားရန်နှင့် သဘာဝဘေးဒဏ်မှ ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကလောမြို့ နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ကလောပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဓာတ်အားခွဲရုံ ဧည့်ရိပ်သာအတွင်း ထိခိုက် ပျက်စီးခဲ့မှုအခြေအနေအား အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးမှုများ အမြန်ပြုပြင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။