၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းနိုင် စေရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ် နိုင်ရန်နှင့် ရာသီဥတုမှန်ကန်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟို သင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင်ကျွန်းပင် (၉၅၀) ပင်ကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြသည်။
အလားတူ ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာနကြီးကြပ်မှု အောက်မှ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်း မှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ ဓာတ်အားပေး စက်ရုံများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပ၍ ရတနာတန်းဝင် ကျွန်းပင် (၁၂၈၉) ပင်၊ နှစ်ရှည်သီးနှံပင် (၅၉၂၃) ပင်၊ နှစ်ရှည်ပန်းပင် (၁၄၀၇) ပင်၊ အရိပ်ရ လေကာပင် (၂၁၄၆) ပင်၊ စုစုပေါင်း (၁၀၇၆၅) ပင်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြပြီး ယနေ့တွင် ဝန်ကြီးဌာနအနေဖြင့် စုစုပေါင်း (၁၁၇၁၅) ပင်တို့ကို စိုက်ပျိုးခဲ့ ကြကြောင်း သတင်းရရှိသည်။