၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့နယ်ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ ပထမအဆင့် (၄၀)မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နေမှုနှင့် ဒုတိယအဆင့် (၄၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ မွန်းလွဲပိုင်းတွင် မကွေးမြို့ရှိ တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာရုံးတွင် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်း များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်းဘူးမြို့နယ်ရှိ မင်းဘူးနေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက ပထမ အဆင့် (၄၀)မဂ္ဂါဝပ် တည်ဆောက်ပြီးစီးမှုနှင့် ဓာတ်အားထုတ်လုပ်နေမှုအခြေအနေ၊ ဒုတိယ အဆင့် (၄၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး မြေပြုပြင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု နှင့် စက်ပစ္စည်းများ စီမံကိန်းသို့ ရောက်ရှိရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြပါသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက စီမံကိန်း ဒုတိယအဆင့် (၄၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးနေမှုနှင့် လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ဒုတိယအဆင့် (၄၀) မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ချုပ်ဆိုထားသည့်စာချုပ်များအား ပြန်လည် စိစစ်၍ စာချုပ်ပါအတိုင်းပြီးစီးနိုင်ရေး မြန်မြန်ဆန်ဆန်ဆောင်ရွက်သွားရန်နှင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် လာမည့်နွေရာသီအမီ ဖြစ်နိုင်ခြေရှိသော ရှိပြီးသားစီမံကိန်းများမှ ဓာတ်အားထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသဖြင့် ဒုတိယအဆင့် (၄၀) မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ် နိုင်ရေး ပြီးစီးရန် သတ်မှတ်ထားသည့် ၂၀၂၆ ခုနှစ် တတိယ(၃)လပါတ်ထက်စော၍ ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လည်း အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ချက်ချင်းတင်ပြဆောင်ရွက်သွားရန်နှင့် လိုအပ် သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော နိုင်ငံခြားသားများ၊ ဝန်ထမ်းများနှင့် စက်ရုံလုံခြုံရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒုတိယအဆင့် (၄၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး မြေပြုပြင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပထမအဆင့် (၄၀)မဂ္ဂါဝပ်မှ Solar Panel များ တပ်ဆင်ထားရှိမှုနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System)သို့ ချိတ်ဆက်ပို့လွှတ်ပေးနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လက်ရှိအချိန်တွင် နိုင်ငံခြားသားပညာရှင်များနှင့်တွဲဖက်၍ ဓာတ်အားထုတ်လုပ် မောင်းနှင်ဆောင်ရွက်နေရသော်လည်း မိမိတို့ဝန်ထမ်းများဖြင့် ဓာတ်အားထုတ်လုပ်မောင်းနှင်ရန် လိုအပ်လာပါက ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်ကတည်းက ကျွမ်းကျင်မှုရှိစေရေး နည်းပညာဆိုင်ရာအတွေ့အကြုံများရယူ၍ လေ့လာဆည်းပူးထားရန်လိုအပ်ကြောင်း မှာကြားခဲ့ပါ သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ရှိ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးတွင် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ဦးတည်ချက်နှင့် ဦးစီးဌာန၊လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးတင်ပြပါသည်။
ထို့နောက် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် မှု၊ ဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှု နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီး စီမံကိန်း/လုပ်ငန်းများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍရေးနှစ် အတွင်း ဆောင်ရွက်လျက်ရှိသည့့် စီမံကိန်း/လုပ်ငန်းများအခြေအနေ၊ ဌာနပိုင်မြေ အမည် ပေါက်ရရှိရေး ဆောင်ရွက်နေမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လအလိုက် ဓာတ်အားပျောက်ဆုံးမှု၊ နှစ်အလိုက်တိုးတက်လာသည့် ဝန်အားအခြေအနေ၊ ဓာတ်အားခ ကောက်ခံရရှိမှုနှင့် ဓာတ်အားခကြွေးကျန်များ ရာနှုန်းပြည့်ကောက်ခံရရှိရေး ဆောင်ရွက် နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး ရည်မှန်းချက်ထားဆောင်ရွက်ရန်နှင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်းများ တစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းဆောင်ရွက်သွားရန်၊ မိမိတို့ဌာနအနေဖြင့် အများပြည်သူနှင့်ဆက်ဆံ၍ ဝန်ဆောင်မှု ပေးနေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြီး ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကိုမြှင့်တင်၍ ပြည်သူလူထု လေးစားရသော ဝန်ထမ်းများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့အား ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားရန်လိုအပ်ပြီး ဝန်ထမ်း များ၏ ဆောင်ရွက်မှုများအပေါ် တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင်ရာ ဝန်ထမ်း အိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန်နှင့် သန့်ရှင်း သပ်ရပ်စွာ နေထိုင်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးပတ်ဝန်းကျင်အား အမြဲ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်နှင့် မြေနေရာလွတ်များတွင် သီးပင်စားပင်၊ နှစ်ရှည် ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန်၊ ဌာနတာဝန်ခံများအနေဖြင့်လည်း ဝန်ထမ်း များ၏ အခက်အခဲများ၊ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် တိုင်းဒေသကြီးအဆင့်အထိ လစဉ်ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ပေးသွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။