နေပြည်တော်၊ ၂၀၂၅ခုနှစ် ဩဂုတ်လ ၁၂ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ကျောက်ဆည်ခရိုင်လျှပ်စစ်မန်နေဂျာ ရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။
ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် သည် ဌာနမှတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက မြောက်ပြင်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ စီမံကိန်း မန်နေဂျာ (၃)ရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ထရန်စဖော်မာ ဝန်အားများကို အမြဲစစ်ဆေး၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ်ပစ္စည်းများအား ပုံမှန် စစ်ဆေးပြီး ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားနိုင်ရေး အထူးသတိပြုဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလက်ကျန်ပစ္စည်းများအားလည်း စနစ်တကျထိန်းသိမ်း ထားရှိရန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံ Protection Room နှင့် Switch Yard အတွင်း ဓာတ်အားထိန်းချုပ် ပို့လွှတ်ဖြန့်ဖြူးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက တံခွန်တိုင်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် ဓာတ်အားခွဲရုံ Switch Yard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး Regional Control Center သို့ ရောက်ရှိရာ တာဝန်ရှိသူများက မန္တလေးငလျှင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်ပြင်ဆင်ပြီးစီးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင်လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက ကျောက်ဆည်ခရိုင်အတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားခများကောက်ခံနေမှု၊ မီတာများထုတ်ယူတပ်ဆင်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက မီတာဖတ်ရှုမှုများအား မှန်မှန်ကန်ကန်ဖတ်ရှုမှတ်တမ်း တင်သွားနိုင်ရေး တာဝန်ရှိသူအသီးသီးက အထူးအလေးအနက်ထား ဆောင်ရွက်သွားကြရန်၊ မီတာများ အား Analog စနစ်မှ AMI စနစ်သို့ ပြောင်းလဲတပ်ဆင်ရာတွင် အမှားအယွင်းများ မဖြစ်ပေါ်စေရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်၊ မီတာဖတ်ရှုမှု၊ မီတာတပ်ဆင်မှုနှင့် မီတာစစ်ဆေး မှုများတွင် Cross Check, Spot Check , Counter Check များဖြင့် အမြဲမပြတ် စစ်ဆေးစောင့်ကြည့်ပြီး မီတာအသစ်တပ်ဆင်ခြင်းစီမံချက်များဖြင့် စနစ်တကျမြန်မြန် ဆန်ဆန်တပ်ဆင် ဆောင်ရွက်သွားနိုင်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားသွားနိုင်ရေး၊ ကျောက်ဆည် မြို့နယ်အနေဖြင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းပြီး တယူနစ်ရောင်းဈေး တိုးတက်စေရေးနှင့် အသုံး စရိတ်အလေအလွင့်မရှိစေရေး၊ ဌာနဝင်ငွေတိုးတက်စေရေး အထူးကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွှတ်စွာနေထိုင်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားပြီး ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။