၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရှေးရှင်း ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွှဲပိုင်းတွင် သာကေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေစက်ရုံသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများအားလုံး စနစ်တကျမဲပေးနိုင်ရေး စီမံဆောင်ရွက် သွားရန်နှင့် မိမိဒေသ၊ မိမိ မြို့နယ်အကျိုးကို ဆောင်ရွက်နိုင်မည့်သူအား ရွေးချယ်မဲပေး သွားရန်၊ ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများတွင် နေထိုင်ရာတွင်လည်း စည်းလုံး ညီညွတ်စွာဖြင့် မိသားစုသဖွယ် နေထိုင်သွားကြရန်နှင့် မိမိတို့နေထိုင်ရာ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန်၊ ဓာတ်အားပေးစက်ရုံ ဝင်းအတွင်း မြေလွတ်မြေရိုင်းများ ရှိပါက သီးပင်စားပင်များ စိုက်ပျိုးသွားရန်၊ ဝန်ထမ်းများ ငွေကြေးသုံးစွဲမှုကို ခြိုးခြံချွေတာ သုံးစွဲသွားရန်နှင့် လျှပ်စစ်မီးနှင့် ရေသုံးစွဲမှုကိုလည်း ချွေတာသုံးစွဲသွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။