၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွှဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ၅၀၀ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား စီမံကိန်းယာယီရှင်းလင်းဆောင်တွင် တာဝန် ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအမံများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မှာကြားရာ၌ စီမံကိန်းလျာထားချက်အတိုင်း လုပ်ငန်းများပြီးစီးနိုင်ရေး အင်တိုက် အားတိုက် ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရာတွင်လည်း အရည်အသွေး စံချိန်စံညွှန်း ပြည့်မီအောင် အလေးထားဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံစီမံကိန်း အဝင်လမ်းဖောက်လုပ် ရာတွင် အမြန်လမ်းမကြီး နယ်နိမိတ်နှင့် လွတ်ကင်းအောင် ဖောက်လုပ်သွားရန်၊ ဓာတ်အား ခွဲရုံစီမံကိန်းအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေး အသိအမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေးနှင့် ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ၏ လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်နေသော ဝန်ကြီးဌာနမှ မျိုးဆက် သစ်အင်ဂျင်နီယာဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းအတွေ့အကြုံသည် လုပ်ငန်းရှိမှသာ လေ့လာဆည်းပူး၍ရသည့်အတွက် စိတ်ပါဝင်စားစွာဖြင့် ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူသွားရန်နှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများကို မျိုးဆက်သစ် အင်ဂျင် နီယာဝန်ထမ်းများက လက်ဆင့်ကမ်းထိန်းသိမ်း ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Switch Yard အတွင်း ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ခဲ့ပါသည်။
ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရာကြီး ဓာတ်အားခွဲရုံ စီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံး အနေဖြင့် ၉၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။