နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၏ အရှေ့ဘက်(၂၆)မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် အထက် ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ပြီး ရာဂီမုန်တိုင်းကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် ဓာတ်အားပေးစက်(၂)လုံးအနက် အမှတ်(၁)ဓာတ်အားပေးစက် ပြန်လည် ပြုပြင်ပြီး ဖြစ်၍ စမ်းသပ်မောင်းနှင်လည်ပတ်နေမှုနှင့် အမှတ်(၂)ဓာတ်အားပေးစက် ပြန်လည် ပြုပြင် ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး စက်များပြုပြင်ဆောင်ရွက်နေသော ကျွမ်းကျင်ပညာရှင်များနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး လိုအပ်ချက်များ မှာကြားကာ သစ်သီးခြင်း လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထို့နောက် စက်ရုံ အဆောက်အဦအတွင်း အမှတ်(၁) ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ပြီးဖြစ်၍ စမ်းသပ် မောင်းနှင်လည်ပတ်နေမှုနှင့် အမှတ်(၂) ဓာတ်အားပေးစက်၏ စက်ပစ္စည်းနှင့် လျှပ်စစ် ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက အမှတ်(၁)ဓာတ်အားပေးစက်မှ ဓာတ်အား ပြန်လည်ထုတ်လုပ်နိုင်ပြီဖြစ်၍ ဓာတ်အားစဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး စနစ်တကျ ထိန်းသိမ်းမောင်းနှင်ဆောင်ရွက်သွားရန်နှင့် အမှတ်(၂)ဓာတ်အားပေးစက်မှ ဓာတ်အား အမြန်ထုတ်လုပ်ပေးနိုင်ရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြု ဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ပါသည်။ ဓာတ်အားပေးစက်များ ပြုပြင် ပြီစီး ပါက မဂ္ဂါဝပ် ၁၄၀ အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်မောင်းနှင် ပို့လွှတ်သွားနိုင်မည်ဖြစ်ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီသည် ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင် ခန်းမတွင်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှတ်(၁)ဓာတ်အားပေးစက်အား ပြုပြင်ပြီး ဓာတ်အားစမ်းသပ် မောင်းနှင်၍ ဓာတ်အားထုတ်လုပ်နိုင်ပြီဖြစ်သည့်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များနှင့် ဝန်ထမ်းများအား အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ အမှတ်(၂)ဓာ တ်အားပေးစက်မှ ဓာတ်အားအမြန်ထုတ်လုပ်ပေးနိုင်ရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံခြားသားပညာရှင်များနှင့်တွဲဖက်၍ ဓာတ်အားပေးစက်များ ပြုပြင်ခြင်း လုပ်ငန်းများနှင့် ဓာတ်အားထုတ်လုပ်မောင်းနှင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေရ သော်လည်း မိမိတို့ဝန်ထမ်းများဖြင့် ဆောင်ရွက်ရန် လိုအပ်လာပါက ပြုပြင်ထိန်းသိမ်းမောင်းနှင် နိုင်ရန်အတွက် ယခုအချိန်ကတည်းက ကျွမ်းကျင်မှုရှိစေရေး နည်းပညာဆိုင်ရာအတွေ့အကြုံများ ရယူ၍ လေ့လာဆည်းပူးထားရန် လိုအပ်ကြောင်း၊ စက်များကြံ့ခိုင်ရေးနှင့် သန့်ရှင်းရေး လုပ်ငန်း များကိုလည်း စနစ်တကျဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအားလုံး စနစ်တကျမဲပေးနိုင်ရေး တာဝန်ရှိသူများမှ အဆင့်ဆင့်ကြီးကြပ်၍ စီမံဆောင်ရွက်သွားရန်နှင့် မိမိတို့ဒေသ၊ မိမိတို့မြို့နယ်အကျိုးကို ဆောင်ရွက်နိုင်မည့်သူအား ရွေးချယ်မဲပေးသွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ရေလှောင်တမံ ရှုရပ်သို့ ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှု၊ နုန်းမြေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ တမံ၏ ကြံခိုင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တမံကြံ့ခိုင်မှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု စစ်ဆေးသွားရန်နှင့် တမံလုံခြုံရေးအား ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် (၇၀) မဂ္ဂါဝပ် (၂) လုံးဖြင့် စုစုပေါင်း (၁၄၀) မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်း၍ ထူးကဲစွာ ရေဝင်ရောက်မှုကြောင့် ဓာတ်အားပေးစက်ရုံ အဆောက်အဦအတွင်း ဓာတ်အားပေးစက် အစိတ်အပိုင်းများ တပ်ဆင်ထားသည့် စက်ရုံမြေအောက် ထပ်များအားလုံး ရေဝင်နစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နား ခဲ့ရပြီး ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အမှတ်(၁) ဓာတ်အားပေးစက်(၇၀)မဂ္ဂါဝပ်ကို ပြန်လည်ပြုပြင်ပြီးဖြစ်သဖြင့် စမ်းသပ်မောင်းနှင် လည်ပတ် လျက်ရှိပြီး အမှတ်(၂)ဓာတ်အားပေးစက် (၇၀)မဂ္ဂါဝပ်ကိုလည်း အမြန်ဆုံးစမ်းသပ်မောင်းနှင် လည်ပတ်ပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။