The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂ ခုနှစ်၊ အောက်တိုဘာလ ( ၂၄ ) ရက်

         

   တရုတ်ပြည်သူ့သမ္မတနိုင်ငံတရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာန အကြီးအကဲ မစ္စတာ ဝမ်ဟုန်ကျင့် ၏ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံ၊ စူးကျိုးမြို့တွင် ကျင်းပသော စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ သို့ တက်ရောက်ရန် နှင့် လေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နေမှုများကို လေ့လာနိုင်ရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နေ့မှ ၂၃  ရက်နေ့ထိ တရုတ်နိုင်ငံ၊ နန်ကျင်းမြို့နှင့် စူးကျိုးမြို့များသို့ သွားရောက် ခဲ့ကြပါသည်။

    ထိုသို့သွားရောက်စဉ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာလ ၂၂ ရက်နေ့ တွင် နန်ကျင်းမြို့ China Huaneng Group ၏ ကျန်းစုပြည်နယ်အတွင်း ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားစနစ်တည်ငြိမ်စေရေး ဓာတ်အားစနစ်ထိန်းချုပ်စင်တာသို့ သွားရောက်လည်ပတ် လေ့လာခဲ့ကြရာ တာဝန်ရှိသူများက ကမ်းလွန်လေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု၊ နေရောင်ခြည်စွမ်းအင်မှ ဓာတ်အားထုတ်လုပ်မှုများကို ဓာတ်အားစနစ် တည်ငြိမ်မှုကို ထိခိုက်မှုမရှိစေရေး ပေါင်းစပ်ထိန်းချုပ် ဆောင်ရွက်မှု အခြေအနေများ ၊ စက်ရုံများထိန်းသိမ်းလည်ပတ်မောင်းနှင်မှုကို ဓာတ်အားစနစ်ထိန်းချုပ်စင်တာမှ  ထိန်းချုပ် ဆောင်ရွက်နေမှုများကိုရှင်းလင်း ပြောကြားခဲ့ပါသည်။

   ထို့နောက်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် Jingyu Deep-green Energy Co.,Ltd မှဆောင်ရွက်လျက်ရှိသည့် ဇီဝလောင်စာတောင့်စက်ရုံသို့ ဝင်ရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများမှ ကိုင်းဖျားကိုင်းနား၊ ဝါး၊ ဆီအုန်းခွံ၊ ပြောင်းဖူးရိုး၊ အုန်းခွံ စသော စွန့်ပစ်ဇီဝပစ္စည်းများကို စက်မှုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်သော ဇီဝကာဗွန်များ၊ သစ်သားလောင်စာတောင့်များ ထုတ်လုပ်မှုကိုဆောက်ရွက်မှုအဆင့်ဆင့်အလိုက် စက်ရုံအတွင်း ရှင်းလင်းပြသခဲ့ကြပြီး ကုန်ကြမ်းစုဆောင်းရရှိမှုများ၊ နိုင်ငံတော်မှအားပေးထောက်ခံမှုများ၊ ဈေးကွက်ရှာဖွေရရှိမှု အခြေအနေများ၊ သယ်ယူပို့ဆောင်ရေးအခြေအနေများကို ရှင်းလင်း ပြောကြားပါသည်။

   ဖိုရမ်ကျင်းပရေးအဖွဲ့၏စီစဉ်ပေးမှုဖြင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တို ဘာလ ၂၃ ရက်နေ့တွင် စူးကျိုးမြို့၊ Xiangcheng EDZ Energy Center သို့သွားရောက်လေ့လာခဲ့ရပါသည်။ ယင်း Energy Center တွင်လျှပ်စစ်စွမ်းအင်စီမံခန့်ခွဲမှုများ၊ အဆောက်အအုံများတွင် Dual Thermal Storage နှင့် Multi-energy Complementarity ဆောက်ရွက်ထားရှိမှုများ၊ AI-Enabled Smart Energy Technology၊ Energy Saving and Carbon Reduction၊ AI base Control System တို့ကို ဆောက်ရွက်ခြင်းဖြင့်နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများ  အကောင်အထည်ဖော် ဆောင်ရွက်မှုများကို လေ့လာခဲ့ရပါသည်။

   ထိုနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ  ၂၃ ရက်နေ့ ဒေသစံတော်ချိန် (၁၄ : ၀၀) နာရီ၌ တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာန နှင့် International Renewable Energy Agency (IERNA) တို့မှကြီးမှုးကျင်းပသော   စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ ၏ ဖိုရမ်ခွဲ Large Power Grid Security Risk Prevention and Control Technical သို့ တက်ရောက်ခဲ့ကြပါသည်။ ဖိုရမ်ခွဲတွင် တရုတ်အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုဌာန မှ မစ္စတာ ဟွမ်ရွှေနုန် ၊ တရုတ်နိုင်ငံ တောင်ပိုင်း လျှပ်စစ် ဓာတ်အားကွန်ရက် မှ မစ္စတာ ဝူရှောက်ချန် တို့တက်ရောက်ပြီး ကြိုဆိုနှုတ်ဆက်စကားပြော ကြားခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းမှ ကြိုဆိုနှုတ်ဆက်စကားပြောကြားရာတွင် ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များသည် စီးပွားရေး၊ စက်မှုလုပ်ငန်းများနှင့် လူ့အသိုင်းအဝိုင်းများအတွက် နှောင့်ယှက်မှုများ ဖြစ်လာနိုင်ပါကြောင်း၊  ယင်းအခြေအနေများကို တုံ့ပြန်နိုင်ရန် ခံနိုင်ရည်ရှိမှုကို တည်ဆောက်ရန် နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုနှင့် ခံနိုင်ရည်ရှိမှုကို တည်ဆောက်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ပြန်ပြည့်မြဲ စွမ်းအင်ပေါကြွယ်ဝသဖြင့် နေစွမ်းအင်၊ လေစွမ်းအင်နှင့် ရေအားလျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ရန် အင်တိုက်အားတိုက် ကြိုးစားလျက်ရှိပါကြောင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပြီး ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ စွမ်းအင်ဖွံ့ဖြိုးရေးအစီအစဉ်တွင် နိုင်ငံအတွင်း သဘာဝအရင်း အမြစ်များအပေါ် အဓိကအားထား မှာဖြစ်ပါကြောင်း၊  ပြန်ပြည့်မြဲစွမ်းအင်၊ သန့်ရှင်းသည့် လောင်စာများနှင့် နျူကလီးယားစွမ်းအင်တို့က စွမ်းအင်စနစ် တည်ငြိမ်မှုအတွက် အခြေခံ အချက်အဖြစ် ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အစဉ်တစိုက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဓာတ်အား စနစ် အတွင်း ပြန်ပြည့်မြဲစွမ်းအင် ပိုမိုပါဝင်ရန်ဆောင်ရွက်သည့်အချိန်တွင် ဓာတ်အားစနစ် တည်ငြိမ်မှုကို သေချာစေရန် မဖြစ်မနေလိုအပ်ပါကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများဆောင်ရွက်ရန် အဆိုပြုချက်တွင် ဓာတ်အားစနစ်တည်ငြိမ်မှုကို အထောက်အကူပြုစေရန်အတွက် အခြေခံလိုအပ်ချက်အဖြစ် စွမ်းအင်သိုလှောင် သိမ်းဆည်း သည့် စနစ်ကိုရာခိုင်နှုန်းတစ်ခု သတ်မှတ်ထားရှိပါကြောင်း၊ ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြန်ပြည့်မြဲစွမ်းအင်ကို ပိုမိုထုတ်လုပ်ရန် ကြိုးပမ်းသည့်အချိန်တွင် ရေရှည်တည်တံ့မှုကို အထောက်အကူပြုရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရန် အလွန်အရေးကြီးပါကြောင်း၊ ဤရည်မှန်းချက်ကို အောင်မြင်စေရန်အတွက် ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာ ကဏ္ဍနှစ်ရပ်စလုံးမှ ပူးပေါင်းဆောင်ရွက်ပြီး ၎င်းတို့၏ စွမ်းအင်လိုအပ်ချက်ကို စီမံခန့်ခွဲနိုင်ရန် ပုဂ္ဂလိကကဏ္ဍအတွက် သင့်တော်သော မက်လုံးများ ချမှတ်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်းသည် ဤကြီးမားသော စွမ်းအင်အသွင်ကူးပြောင်းမှုကို ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊  နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စိတ်ကူးများ၊ နည်းပညာများနှင့် အတွေ့အကြုံများကို မျှဝေခြင်းဖြင့် ရည်မှန်းချက်များကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ ၏ ဖိုရမ်ခွဲ Large Power Grid Security Risk Prevention and Control Technical သို့ဓာတ်အားစနစ် ထိန်းချုပ်မောင်းနှင်မှုဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများ၊ တက္ကသိုလ်၊ ကောလိပ်များမှ သုတေသန ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ လျှပ်စစ်ဆိုင်ရာမူဝါဒချမှတ်သူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
24-Oct-2025