၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ( ၂၅ ) ရက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စူးကျိုးမြို့သို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နေ့တွင် တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် International Renewable Energy Agency (IERNA) တို့မှ ကြီးမှူးကျင်းပသော စွမ်းအင်အသွင် ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ သို့ တက်ရောက်ခဲ့ကြပါသည်။
စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာဖိုရမ် ၂၀၂၅ တွင် တရုတ်အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဌာန မှ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဝမ်ဟုန်ကျွင့်၊ International Renewable Energy Agency (IERNA) မှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖရန်ဆက်စကို လာကမ်မီလာ ၊ ကျန်းစူးပြည်နယ်အုပ်ချုပ်ရေးမှူး လျူရှောက်ထို တို့တက်ရောက်ပြီး အဖွင့်မှာစကားပြော ကြားခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းမှ ကြိုဆိုနှုတ်ဆက် စကားပြောကြားရာ ယနေ့ခေတ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေပြီး ကမ္ဘာ့ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိသော စွမ်းအင်လုံခြုံရေးသည် လူသားအားလုံး အတွက် ဦးစားပေးကိစ္စရပ်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့တစ်ဝှမ်းလုံးရှိ ရုပ်ကြွင်းလောင်စာများ၏ ကန့်သတ်ချက်များနှင့် ကာဗွန်ထုတ်လွှတ်မှု၏ အကျိုးဆက်များအရ လက်လှမ်းမီနိုင်ပြီး ယုံကြည်စိတ်ချရသည့် ရေရှည်တည်တံ့သော သင့်တော်သည့် နည်းလမ်းများကို ရှာဖွေရန်လိုအပ်ပါကြောင်း၊ ကာဗွန်ထုတ်လွှတ်မှု၏ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အကြီးစား စီမံကိန်းများအပြင် အသေးစား ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ အရင်းအမြစ်များအား မျှဝေအသုံးပြုခြင်းနှင့် နျူကလီးယားစွမ်းအင် ကဲ့သို့သော သန့်ရှင်းသည့် စွမ်းအင်အသစ်များလည်း ပါဝင်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ မတိုင်မီကာလအထိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ် ၅၁%၊ နေရောင်ခြည်စွမ်းအင် ၄%၊ သဘာဝဓာတ်ငွေ့ ၄၀%၊ ကျောက်မီးသွေး ၂% နှင့် ဒီဇယ် ၃% စသည့် အချိုးအစားများဖြင့် စုစုပေါင်း ၆,၃၅၇ မဂ္ဂါဝပ်အထိ ရှိပါကြောင်း၊ နှစ်စဉ်တိုးတက်လာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနိုင်ငံသည် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးပင်မစီမံချက် (၂၀၃၀ အထိ) ကိုရေးဆွဲ အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်ကို အဓိကအားထားလျက်ရှိပြီး နိုင်ငံတော် လျှပ်စစ်ပြည့်ဝစွာသုံးစွဲနိုင်ရေးမှာ ဂေဟဗေဒဆိုင်ရာ ထိခိုက်မှုနည်းသည့် ပြန်ပြည်မြဲစွမ်းအင် ပိုမိုသုံးစွဲရာတွင် ဓာတ်အားလိုင်းတည်ငြိမ်မှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေသည့် ကိစ္စရပ်များကို ဖြေရှင်းရန် ဗျူဟာမြောက် လိုအပ်ချက်တစ်ရပ် ဖြစ်ပါကြောင်း၊ ကျောက်မီးသွေး စွမ်းအင်အသုံးပြုမှုကို ၂၀၃၀ အထိသာ ဆက်လက်အသုံးပြုရန်နှင့် ၂၀၅၀ တွင် ကျောက်မီးသွေး စွမ်းအင်အသုံးပြုမှု ရပ်ဆိုင်းသွားရန် ရည်မှန်းချက်များ ရှိပါကြောင်း၊ လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင် ဓာတ်အားပေးစက်ရုံ ၈ ရုံ (၂၄၀ မဂ္ဂါဝပ်) အသေးစား နေရောင်ခြည် စွမ်းအင် ဓာတ်အားပေးစက်ရုံများမှ ၂၃ မဂ္ဂါဝပ် ခန့် တပ်ဆင် ထားရှိပါကြောင်း ၊ နေရောင်ခြည်စွမ်းအင် စီမံကိန်းများအတွက် အကောက်ခွန် ကင်းလွတ်ခွင့် မူဝါဒများချမှတ် ပေးလျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်သဘောတူညီချက် (UNFCCC)နှင့်အညီ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် တွင် အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (NDC) ကို ရေးဆွဲအတည်ပြုခဲ့ပြီး ယင်း NDC တွင် ပြည်တွင်းအရင်းအမြစ်များဖြင့် အကောင် အထည်ဖော်မည့် ရည်မှန်းချက်နှင့် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုရရှိပါက အကောင်အထည် ဖော်နိုင်မည့် ရည်မှန်းချက်နှစ်ရပ်ကို သတ်မှတ် ထားရှိပါကြောင်း၊ ၂၀၃၀ပြည့်နှစ်တွင် ရေအားလျှပ်စစ် မပါဝင်သော ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များဖြင့် အကောင်အထည်ဖော်မည့် ရည်မှန်းချက်မှာ ၁၁% (၂,၀၀၀ မဂ္ဂါဝပ်) ဖြစ်ပြီး လုံလောက်သော နိုင်ငံတကာပံ့ပိုးမှု ရရှိပါက ၁၇% (၃,၀၇၀ မဂ္ဂါဝပ်) အထိ တိုးမြင့်နိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ ယင်းသို့ အောင်မြင်မှုရရှိပါက ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရာခိုင်နှုန်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချသွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်မှ ၂၀၄၅ ခုနှစ်အထိ နောက်ထပ် အနှစ် ၂၀ အတွက် စွမ်းအင်အသစ် ဖွံ့ဖြိုးရေးအစီအစဉ်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပုံစံသစ်ကို လည်းရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကကျပြီး နိုင်ငံတကာ၏ကူညီထောက်ပံ့မှုများလည်း လိုအပ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ (National Energy Administration- NEA) ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဝမ်ဟုန်ကျွင့် နှင့်အဖွဲ့ အား တွေ့ဆုံ၍ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာကိစ္စရပ်များ ၊ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် လျှပ်စစ်စီမံကိန်းများ အတွက် နှစ်နိုင်ငံကြား ပိုမိုနီးကပ်စွာဆွေးနွေး၍ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးကို နှစ်ဘက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

