နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ/ အဆောင်များ ပြန်လည်ပြုပြုင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားပင်မဓာတ်အားခွဲရုံဝင်းအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် Container House များ တွင် နေရာချထားပေးထားမှု၊ နေထိုင်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်သို့ ရောက်ရှိပြီး မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ/ အဆောင် (၁၇)လုံးကို အိမ်ရာတစ်ခုချင်းအလိုက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လက်ရှိပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား သတ်မှတ်ထားသည့် လျာထားချက် အတိုင်း လုပ်ငန်းများပြီးစီးနိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက် ရာတွင်လည်း အရည်အသွေးစံချိန်စံညွှန်း ပြည့်မီပြီး ငလျင်ဒဏ်ခံနိုင်အောင် အလေးထား ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ မိမိတို့နေထိုင်ရာ မူလနေရာများတွင် အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးနိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ပျဉ်းမနားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံ ဝင်းအတွင်း၌ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် Container House များတွင် နေရာချထားမှုနှင့် လက်ရှိနေထိုင်နေမှုအခြေအနေ၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးများ သွယ်တန်းထားရှိမှုနှင့် သွားလာမှုအဆင်ပြေစေရေး အဝင်/ အထွက်လမ်းများ ဖောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ စနစ်တကျနေထိုင်သွားရန်နှင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

