The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ဦးစီအရာရှိများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ( ၁၂ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဦးစီးအရာရှိများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပေါင်းလောင်း)၊ မိုးဗြဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊  ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင်  ခေတ်မီ ဖွံ့ဖြိုးတိုးတက်‌သော နိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ရာတွင် လျှပ်စစ်ဓာတ်အား  ရရှိမှုသည် အဓိကကျသည့်အတွက် ပြည်သူလူထုလိုအပ်လျက်ရှိသည့်  နှစ်စဉ်တိုးတက်နေသော ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်မည့် ရေအားမှ ဓာတ်အားထုတ်လုပ်ခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့လျှပ်စစ်ကဏ္ဍ၏ ပင်မ မဏ္ဍိုင်ဖြစ်သည့် ရေအားလျှပ်စစ် ကဏ္ဍဖွံ့ဖြိုးစေရန် ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေအားလျှပ်စစ် အကာင်အထည်ဖော်ရေး ဦးစီးဌာနအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော် တည်ဆောက်ရန် အင်တိုက်အားတိုက် ဆောင်ရွက်သွားရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်မည့် အင်ဂျင်နီယာဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းစဉ်များကို သိရှိနားလည် သဘောပေါက်ကာ မိမိတို့ကိုယ်ပိုင်အရည်အသွေးကို အသုံးချ၍ အကောင်းဆုံး ဆောင်ရွက်နိုင်ရန် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းနည်းပြများကလည်း လုပ်ငန်းခွင်တွင် လက်တွေ့ဆောင်ရွက်နေရသော လုပ်ငန်းစဉ်များနှင့် ယှဉ်တွဲနှိုင်းယှဉ် သင်ကြားပေးခဲ့ပြီးဖြစ်၍ သင်တန်းသားများအနေဖြင့်လည်း သိလိုသည့်စိတ်၊ တတ်လိုသည့် စိတ်များကို အရင်းခံကာ စိတ်ဝင်တစား ကြိုးစားလေ့လာသင်ယူဆည်းပူးခဲ့ပြီး ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကရရှိခဲ့သည့် အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတ များကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းတာဝန်များကို တက်ကြွစွာ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို တိကျစွာ လိုက်နာ၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံရေးတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ အင်ဂျင်နီယာဆိုင်ရာ စာပေပညာရပ်များကို တတ်ကျွမ်းနားလည်စေရန် အမြဲလေ့လာ၍ အင်ဂျင်နီယာကောင်းများဖြစ်အောင် ကြိုးစားကြရန်နှင့် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့ အကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု  ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းနည်းပြဂုဏ်ပြုလွှာများအား အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းနည်းပြ များနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Post under by : ဝန်ကြီးရုံး
12-Dec-2025