နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော် ရောင်အဆင့် သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ ပြန်လည်ပြုပြုင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယာယီနေရာချထားရာ နေရာများမှ ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေ လုံခြုံစွာ နေထိုင်နိုင်ရန်အတွက် ၂၀ ပေ x ၁၂၀ ပေ အရွယ်အစားရှိ Modular House (၂)ထပ် အဆောက်အဦ (၁၀)လုံး ဆောက်လုပ်ခြင်း အပြီးသတ်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ ဗလသိဒ္ဓိရပ်ကွက်သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ် ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ(၆)လုံးကို အဆောက်အဦတစ်ခုချင်းအလိုက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လက်ရှိပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီပြီး ငလျင်ဒဏ်ခံနိုင်အောင် အလေးထားဆောင်ရွက် သွားရန်၊ ဝန်ထမ်းများ မိမိတို့နေထိုင်ရာ မူလနေရာများတွင် အဆင်ပြေချောမွေ့စွာ နေထိုင် နိုင်ရန်အတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိပြီး ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များအား ယာယီနေရာချထားရာ နေရာများမှ ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေ လုံခြုံစွာ နေထိုင် နိုင်ရန်အတွက် ၂၀ ပေ x ၁၂၀ ပေ အရွယ်အစားရှိ Modular House (၂)ထပ် အဆောက်အဦ (၁၀)လုံး ဆောက်လုပ်ခြင်း အပြီးသတ်လုပ်ငန်းဆောင်ရွက်နေမှု၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ဆောင်ရွက်ပြီးစီးနေမှု၊ လျှပ်စစ်မီးများ သွယ်တန်းထားရှိမှုနှင့် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် မြေသားလမ်းများအား ကွန်ကရိလမ်းများအဖြစ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ကျန်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ၊ လိုအပ်ချက်များရှိပါက အချိန်မီတင်ပြသွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များအား စနစ်တကျ နေရာချထားနိုင်ရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။