၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ မြို့ရှောင် ရထားလမ်း ဖောက်လုပ်ခြင်းနှင့် မြို့ကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှု မရှိသည့် ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်မည့် အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ၂၃၀ ကေဗွီ မြောင်းတကာပင်မဓာတ်အားခွဲရုံမှ မြောင်းတကာစက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့သို့ ရောက်ရှိပြီး မြို့ရှောင် ရထားလမ်း ဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ဓာတ်အားလိုင်းများအား ပြောင်းရွှေ့ တည်ဆောက်မည့် အခြေအနေနှင့် မြို့ကွက်သစ် တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားလိုင်း ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများ၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးနှင့် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့ရှောင်ရထားလမ်းဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ နှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများ ပြောင်းရွှေ့ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့်အခြေအနေနှင့် မြို့ကွက်သစ်တိုးချဲ့စီမံကိန်း ဧရိယာနှင့် လွတ်ကင်းမှုမရှိသည့် ၃၃ ကေဗွီဓာတ်အားလိုင်း၊ ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အား လိုင်းများ ပြောင်းရွှေ့တည်ဆောက်ရမည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းများအား အမြန်ဆောင်ရွက်သွားရန်နှင့် ဆောလျင်စွာပြီးစီးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဝန်ထမ်းများ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ကြပ်မတ်၍ ဂရုပြုဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံနှုန်း ပြည့်မီစေရေး၊ လေလွင့်ဆုံးရုံးမှုမရှိစေရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းဟောင်း ပြန်လည်ဖြုတ်သိမ်းခြင်းမှ ဆယ်တင် ပစ္စည်းများအား စနစ်တကျ စာရင်းပြုစုသိမ်းဆည်းထားရှိရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရာကြီး ဓာတ်အား ခွဲရုံစီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံး အနေဖြင့် ၉၂ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ မြောင်းတကာ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် မြောင်းတကာစက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ်ပစ္စည်းများ၊ ထရန် စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး တို့အတွက် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို စနစ်တကျပုံမှန်စစ်ဆေး ဆောင်ရွက်သွားရန်နှင့် ဓာတ်အားခွဲရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားလက်ခံပို့လွှတ်ထားမှုအခြေအနေ၊ မြောင်းတကာစက်မှုဇုန်သို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဓာတ်အား ထိန်းညှိ ဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။