၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေ အနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြပါသည်။
ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရ စိုက်ပျိုးမွေးမြူ ရေးသည် တိုင်းရင်းသားပြည်သူအများစု၏ အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သလို နိုင်ငံစီးပွားရေး၏ အသက်သွေးကြောလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ (Agro-Based Industries) ကို အားပေးမြှင့်တင်ရန် ခိုင်မာသည့်မူဝါဒများ ချမှတ်၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ထိုသို့ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝလည်ပတ်နိုင်ရေးအတွက် အဓိက လိုအပ်သည့် အခြေခံအဆောက်အအုံသည် လျှပ်စစ်ဓာတ်အား ဖြစ်သည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စွမ်းအင် အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး အလေးထားစီမံ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက် ရှိသည့် အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ ၂ ရုံ၊ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၁၂ ရုံ စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၆,၇၂၅ မဂ္ဂါဝပ်အထိရှိပြီး၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄,၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သော အခြေ အနေ ဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြေးဖြေးလျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ် ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိသဖြင့် တစ်ရက်လျှင် ၃,၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်း အလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်း များနှင့် ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီပြုပြင်ခြင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ်ချက်ကို ပြည့်မီ စေရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး စက်မှုဇုန်များမှ အချိန်ပြည့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အချိန်တိုအတွင်း ရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃,၄၀၀ မဂ္ဂါဝပ် (၆၀,၀၀၀ မဂ္ဂါဝပ်နာရီ) အထိ ထုတ်လုပ်ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့် ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယနေ့အထိ ဓာတ်အားရရှိမှုအနေဖြင့် ၇၀.၄၃ % ရှိပြီး မီးသုံးသူ ၆၉ သိန်းခန့် ရှိပါကြောင်း၊ အိမ်သုံးနှုန်းဖြင့် သုံးစွဲနေသော ၁ ယူနစ်မှ ၅၀ ယူနစ်အထိ သုံးစွဲသူ ၄၂ % နှင့် ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ သုံးစွဲသူ ၁၉ % ရှိသဖြင့် အိမ်သုံးနှုန်းထားဖြင့် သုံးစွဲနေသော ရာခိုင်နှုန်းမှာ ၆၁ % ခန့် ရှိပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် အခြေခံကျသော ပြည်သူများ သုံးစွဲနိုင်ရန်အတွက် လျှပ်စစ် ဓာတ်အားခကို ထုတ်လုပ်မှုစရိတ်ထက် နည်းပါးသည့် နှုန်းထားများဖြင့် နိုင်ငံတော်မှ နှစ်စဉ် စိုက်ထုတ်ကျခံ (Subsidize) ပြီး ဖြန့်ဖြူးပေးနေခြင်းဖြစ်ပါကြောင်း၊ ထို့သို့ နိုင်ငံတော် အနေဖြင့် နှစ်စဉ်စိုက်ထုတ်သုံးစွဲနေရသော်လည်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိရေးစသည့် ရည်မှန်းချက်များအရ LNG ဖြင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ်မြင့်မားသော်လည်း စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုများ အရှိန်အဟုန် မပြတ်စေရန် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “LNG to Industry” ကို အထူးအလေးပေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့စက်မှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် "အချိန်ပြည့် ဓာတ်အားရရှိမှု" သည် စက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ခြင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်းနှင့် အခြားကုန်ကျစရိတ် မြင့်မားသည့် စွမ်းအင်အရင်းအမြစ်များအပေါ် မှီခိုရမှုကို လျှော့ချနိုင်ခြင်းစသည့် လက်တွေ့ ကျသော အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ဓာတ်အားစဉ်ဆက် မပြတ် ဖြန့်ဖြူးပေးနိုင်မှုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ "စီးပွားရေး နှုန်းထား (Economic Rate)" တစ်ခု သတ်မှတ်၍ ဆောင်ရွက်သွားရန်ရှိပါကြောင်းနှင့် လုပ်ငန်းရှင်များအတွက် ခိုင်မာသော စွမ်းအင်အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုဝန်းကျင်ကောင်း တစ်ခုကို ဖန်တီးပေးခြင်းဖြစ်ပါသဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့ လုပ်ငန်းများ အောင်မြင်စွာတိုးချဲ့ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုသုံးစွဲ နေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထားအတိုင်း ပြောင်းလဲမှု မရှိပါ ကြောင်း၊ ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတက်မှုအတွက် စက်မှုလုပ်ငန်းရှင်များမှ အားလုံး လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါ သည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက LNG မှ ဓာတ်အားထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လက်ရှိဓာတ်အားထုတ်လုပ်နေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်၊ စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ဓာတ်အားဖြန့်ဖြူးပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွား ရေးလုပ်ငန်းရှင်များက စက်မှုနှင့်စီးပွားရေးလုပ်ငန်းများသို့ သတ်မှတ်နှုန်းထားအသစ်ဖြင့် ဓာတ်အားခ ကောက်ခံဆောင်ရွက်မည့်အခြေအနေများ၊ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ လိုအပ်ချက်များအား လည်းကောင်း အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။