The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း

  ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၅ )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်လျှပ်စစ် မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့်  တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

   အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနတို့မှ  ညွှန်ကြားရေးမှူးချုပ်များ၊ အမှုဆောင်အရာရှိချုပ်နှင့် ဌာနကြီးမှူးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ဦးတည်ချက်နှင့် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များနှင့်ပတ်သက်၍လည်းကောင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌက မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးမှုဆိုင်ရာ အချက်အလက်များအား လည်းကောင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဓာတ်အားပို့လွှတ်မှုဆိုင်ရာ အချက်အလက်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြ ပါသည်။

   ထို့နောက် ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက်  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်း ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃,၄၀၀ မဂ္ဂါဝပ် (၆၀,၀၀၀ မဂ္ဂါဝပ်နာရီ) အထိ ထုတ်လုပ် ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့် ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ စက်မှုကဏ္ဍ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် သီးခြားဓာတ်အားလိုင်းဖြင့် (၂၄) နာရီပေးရန် သဘော တူညီထားသော စက်မှု/ စီးပွားရေး လုပ်ငန်းများသို့ LNG To Power မှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြည့်ဆည်းပေးခဲ့သဖြင့် စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများသို့ "စီးပွားရေးနှုန်းထား (Economic Rate)" တစ်ခုသတ်မှတ်ပြီး ယခုလ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ဓာတ်အားခ နှုန်းထား အသစ်ဖြင့် စတင်ကောက်ခံမည် ဖြစ်သောကြောင့် ဇန်နဝါရီလကုန်အထိ သုံးစွဲခဲ့သော ဓာတ်အားခယူနစ်များကို ဌာနနှင့် မီးသုံးစွဲသူ နှစ်ဦးတို့မှဖတ်၍ မှတ်တမ်းတင်ပြီး စနစ်တကျ ကောက်ခံသွားရန်နှင့် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရာတွင်လည်း  ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဓာတ်အားခ ပြောင်းလဲမှုများတွင် ပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာခများ အနေဖြင့် ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထား အတိုင်းသာဖြစ်ပြီး ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက် ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခွဲဝေရရှိသည့် ဘဏ္ဍာငွေကို စနစ်တကျစိစစ်သုံးစွဲ၍ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်သည့် လုပ်ငန်းများ ပြီးပြတ်စေရေး အလေးထားဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် မရှိစေရေး၊ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးနှင့် ဓာတ်အားခကြွေးကျန်များကို ရာနှုန်းပြည့် ကောက်ခံရရှိရေး တွန်းအားပေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့မြို့နယ် များအတွင်း တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများ မရှိစေရေး ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင် စစ်ဆေးရေးအဖွဲ့များဖြင့် Spot Check, Cross Check, Counter Check နှင့် Surprise Check စစ်ဆေးခြင်းများကို အဖွဲ့ဖွဲ့၍ စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အိမ်သုံးမီတာများ၊ ပါဝါမီတာများနှင့် စီတီမီတာများ အား စစ်ဆေးဆောင်ရွက်ရာတွင်လည်း ဌာန၏ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၊ ဝန်ထမ်းအဖွဲ့အစည်း၏ ပုံရိပ်နှင့် အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် ကိစ္စရပ်များအား မပြု လုပ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာန ဖြစ်သည့်အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် အားလုံး တက်ညီ လက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
05-Feb-2026