၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၆ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရဲရွာခန်းမ၌ LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စက်မှု/လက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတရေးရာဝန်ကြီးများ၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်၊ ဌာနကြီးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ စက်မှု/လက်မှုလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်အောင် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေအရ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ (Agro-Based Industries) ကို အားပေးမြှင့်တင်ရန် ခိုင်မာသည့်မူဝါဒများချမှတ်၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝ လည်ပတ်နိုင်ရေးအတွက် အဓိက လိုအပ်သည့် အခြေခံအဆောက်အအုံသည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် လိုအပ်သည့် လျှပ်စစ် ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ရန် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ် မျိုးစုံမှ ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး အလေးထားစီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဖျက်ဆီးခံရသည့် ဓာတ်အား လိုင်းများနှင့် ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ် ချက်ကို ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေး စက်မှုဇုန်များမှ အချိန်ပြည့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့်စီးပွားရေးလုပ်ငန်းများသို့ "စီးပွားရေးနှုန်းထား (Economic Rate)" တစ်ခု သတ်မှတ်ပြီး ယခု ဖေဖော်ဝါရီလအသုံးမှစ၍ ဓာတ်အားခ နှုန်းထားသစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်သည့်အတွက် ဇန်နဝါရီလ အသုံးယူနစ် များကို မီတာဖတ်သူနှင့် သုံးစွဲသူ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးသွားရန် လိုအပ်ပါ ကြောင်း၊ ဓာတ်အားခနှုန်းထား တိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသော စွမ်းအင်အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်း ဖြစ်ပါသဖြင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာတိုးချဲ့ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု သုံးစွဲနေသော ဓာတ်အားခနှုန်းထားများ အနေဖြင့် ယခင်နှုန်းထားအတိုင်း ပြောင်းလဲမှု မရှိပါကြောင်း၊ ယခင် စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတက်မှုအတွက် စက်မှုလုပ်ငန်းရှင်များမှ အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများမှ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတရေးရာဝန်ကြီးများ၊ စက်မှုဇုန် များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက စက်မှုနှင့်စီးပွားရေးလုပ်ငန်းများသို့ သတ်မှတ်နှုန်းထားအသစ်ဖြင့် ဓာတ်အားခ ကောက်ခံဆောင်ရွက်မည့် အခြေအနေများနှင့် ဓာတ်အားခ တိုးမြှင့်ကောက်ခံမှုအပေါ် အားသာချက်/အားနည်းချက်များ၊ ဖြစ်ပေါ်လာသည့် အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။