The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်း ပင်မဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးနေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မေလ (၁၀) ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မေလ ၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းပင်မဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်ခန်းမတွင် တာဝန်ရှိသူများက ရေလှောင်တမံ စောင့်ကြည့်စစ်ဆေးခြင်းများ၊ ပြုပြင်ထိန်းသိမ်းခြင်းများ ပုံမှန်ဆောင်ရွက်နေမှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေပိုမိုသိုလှောင်နိုင်ရေးအတွက် ရေပိုလွှဲတွင် Hydraulic Elevated Dam (HED) တပ်ဆင်နိုင်ရန် ဖြစ်နိုင်ခြေဆန်းစစ်နေမှုအခြေအနေနှင့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအပါအဝင် မြစ်ငယ်မြစ်ဝှမ်းအတွင်း ထပ်မံဆောင်ရွက်သွားမည့် ရေအားလျှပ်စစ်စီမံကိန်းများအခြေအနေကိုလည်းကောင်း၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်နိုင်မှု၊ ဓာတ်အားပေးစက်ကြီးများ၏ ကြံ့ခိုင်ရေး ပုံမှန်စစ်ဆေးဆောင်ရွက် နေမှုအခြေအနေ၊ လာမည့်မိုးရာသီတွင် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ထားသည့်အစီအမံများကို ရှင်းလင်းတင်ပြပါသည်။  

   ပြည်ထောင်စုဝန်ကြီးက ရေပိုလွှဲတွင် Hydraulic Elevated Dam (HED) တပ်ဆင်ခြင်းဖြင့် နှစ်စဉ် ယူနစ် ၁၀၄ သန်း ပိုမိုထွက်ရှိပြီး အိမ်ထောင်စုပေါင်း ၂၀,၀၀၀ ခန့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်မည် ဖြစ်၍ ပုံစံထုတ်လုပ်ခြင်း၊ တွက်ချက်ခြင်း၊ Modeling Test ပြုလုပ်ခြင်းကို စနစ်တကျပြုလုပ်ရန်လိုကြောင်း၊ မြစ်ငယ်မြစ်ဝှမ်းဒေသများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ ဆက်တိုက်ပေါ်ထွက်လာစေရေး အတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး စက်ရုံအတွင်းနှင့် ရေလှောင်တမံ၏ ကြံ့ခိုင်ရေးအခြေအနေများအား လှည့်လည်ကြည့်ရှုကာ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်အတွင်းရှိ ၅၀၀ ကေဗွီ ပင်မ ဓာတ်အားခွဲရုံစီမံကိန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံများနှင့် ဓာတ်အား လိုင်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ် နေမှုအခြေအနေများ၊ ကြုံတွေ့နေရသည့်အခက်အခဲများအား ရှင်းလင်းတင်ပြကြပါသည်။

   ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်အောက်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အားများ ပို့ဆောင်ရာတွင် ဝန်အားပိုမိုထမ်းဆောင်နိုင်ပြီး တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပေးပို့နိုင်ရေးအတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်သည် အလွန်အရေးကြီးသဖြင့် စီမံကိန်းအား စံချိန်စံညွှန်းနှင့်အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဓာတ်အားစနစ်အတွင်းရှိ ဓာတ်အားခွဲရုံအချို့နှင့် ဓာတ်အားလိုင်းအချို့သည် ဖျက်ဆီးခံထားရသဖြင့် ကျန်ရှိနေသော ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများသည် ဝန်ပိုများ ထမ်းဆောင် နေရသောကြောင့် ဓာတ်အားပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းအပိုင်းတွင် အခက်အခဲများစွာ တွေ့ကြုံနေရပါ ကြောင်း၊ အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသကဲ့သို့ အသုံးပြုနေသည့် ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိနေစေရေး စဉ်ဆက်မပြတ်ဆောင်ရွက် နေရန်လိုကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်ရေးအတွက် မိမိတို့၏ အသိပညာ၊ အတက် ပညာ၊ အတွေ့အကြုံများ ပေါင်းစပ်ပြီး ဝန်ထမ်းများ၏ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ကြိုးစားဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေး စကားပြောကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
10-May-2026