The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ကျိုင်းတောင်းစက်ရုံ၏ ဓာတ်အားပေးစက်များအား အလှည့်ကျရပ်တန့်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအား သတင်းထုတ်ပြန်ခြင်း

   ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲ မြို့နယ်၊ နမ့်တိန်ချောင်းပေါ်တွင် တည်ဆောက်ထားပြီး (၁၈) မဂ္ဂါဝပ်ထွက်ရှိသော ဓာတ်အားပေးစက် (၃) လုံးဖြင့် စုစုပေါင်းတပ်ဆင်အင်အား (၅၄) မဂ္ဂါဝပ်ရှိသည့် ဓာတ်အားပေးစက်ရုံ တစ်ရုံဖြစ်ပါသည်။ အဆိုပါ စက်ရုံသည် Run-Off River Type စက်ရုံ အမျိုးအစားဖြစ်သည်နှင့်အညီ ရေဝင်ရောက်မှု အခြေအနေပေါ်မူတည်၍ ဓာတ်အားပေးစက်များအား မောင်းနှင်ပြီး ဓာတ်အားထုတ်လုပ်ပေးလျက် ရှိပါသည်။

   ၂၀၂၆ ခုနှစ် နွေရာသီကာလတွင် ရေဝင်ရောက်မှုအခြေအနေမှာ ကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေးစက် (၂) လုံးသာ မောင်းနှင်နိုင်သည့် ရေပမာဏသာ ရှိသဖြင့် တပ်ဆင်ထားသော စက် (၃) လုံးအနက် (၂) လုံးကို အလှည့်ကျမောင်းနှင်ပြီး ကျန်တစ်လုံးကို ရပ်တန့်ထားပါသည်။

    လာမည့်မိုးရာသီ ရေဝင်များပြားလာသည့်ကာလတွင် ဓာတ်အားပေးစက် (၃) လုံးကို စက်စွမ်းအားပြည့်မောင်းနှင်နိုင်ရန်နှင့် ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဓာတ်အားပေးစက်များ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ဓာတ်အားပေးစက် (၃) လုံးအနက် အမှတ် (၁) စက်ကို ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး အမှတ် (၂) စက်ကို ၂၀၂၆  ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ စက် (၁) လုံး ရပ်တန့်ပြုပြင်နေစဉ်အတွင်း ကျန်စက် (၂) လုံးအား မောင်းနှင်လည်ပတ်၍ ဓာတ်အား ထုတ်လုပ်ပေး လျက်ရှိပါသည်။ 

   ၂၀၂၆ ခုနှစ် မေလနှင့် ဇွန်လများတွင် ကျိုင်းတောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ရေဝင်ရောက်မှုအရ ဓာတ်အားပေးစက် (၂) လုံးဖြင့် ပြည့်မီအောင် မောင်းနှင်နိုင်သဖြင့် ဓာတ်အားစနစ် သို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှုကို ထိခိုက်မှုမရှိပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

02-Jun-2026