





ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ကချင်ပြည်နယ်၊ ချီဖွေမြို့အနောက် တောင်ဘက် (၆) မိုင်ခန့်အကွာ ချီဖွေချောင်းပေါ်တွင် တည်ဆောက်ထားပြီး တပ်ဆင်အင်အား (၃၃) မဂ္ဂါဝပ်ရှိသော ဓာတ်အားပေးစက် (၃) လုံး၊ စုစုပေါင်းတပ်ဆင်အင်အား (၉၉) မဂ္ဂါဝပ်ရှိသည့် စက်ရုံ ဖြစ်ပြီး Run-Off River Type စက်ရုံ အမျိုးအစားဖြစ်သည်နှင့်အညီ ရေဝင်ရောက်မှုအရ ဓာတ်အား ထုတ်လုပ်မောင်းနှင်နေသော စက်ရုံတစ်ရုံဖြစ်ပါသည်။
အဆိုပါစက်ရုံမှထွက်ရှိလာသည့် ဓာတ်အားကို ဝိုင်းမော်ပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး ဓာတ်အားပို့လွှတ်နိုင်ခဲ့သော်လည်း ၂၃၀ ကေဗွီ အုန်းတော-ရွှေဘို-နဘား ဓာတ်အားလိုင်းချို့ယွင်းပြီး နယ်မြေအခြေအနေကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှ စ၍ ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်မှုမရှိသော်လည်း မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း စသည့် မြို့များရှိသည့် ဒေသများတွင်နေထိုင်သည့် ပြည်သူလူထုများ လျှပ်စစ်မီးရရှိရေးအတွက် သီးသန့် ဓာတ်အားစနစ်ဖြင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသောကြောင့် ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးများစွာရှိပြီး ကချင်ပြည်နယ်အတွက် အရေးပါသောစက်ရုံ တစ်ရုံဖြစ်ပါသည်။
လာမည့် မိုးရာသီကာလတွင် ဓာတ်အားပေးစက် (၃) လုံးအား စက်စွမ်းအားပြည့် မောင်းနှင် နိုင်ရန်နှင့် ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ ပုံမှန်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ အမှတ် (၁) ဓာတ်အားပေးစက်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ ဆောင်ရွက် ပြီးစီးခဲ့ပြီး အမှတ် (၃) ဓာတ်အားပေးစက်ကို မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ကျန် အမှတ် (၂) ဓာတ်အားပေးစက်ကို ဇွန်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့ အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။