The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း နှစ်ထပ် ဓာတ်အားလိုင်း ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးပန်ကြားချက်

    ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း နှစ်ထပ် ဓာတ်အားလိုင်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ  ခရိုင်၊ မြို့ ဧရိယာများသို့ စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အရေးပါသည့် ဓာတ်အားလိုင်းဖြစ်ပြီး၊ ၎င်းဓာတ်အားလိုင်းကို တာဝန်ယူထိန်းသိမ်းသည့် မဟာဓာတ်အားလိုင်းမှူးရုံး (ကျိုင်းတုံ) မှ ဓာတ်အားလိုင်း အသေးစိတ်စစ်‌ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မိုင်းပျဉ်း မြို့နယ်၊ တာကော် (၇) မိုင်ကျေးရွာအနီးရှိ တာဝါတိုင်အမှတ်(၃၃၀) တွင် မိုးကြိုးလျှပ်စီးကြောင့် ကြွေသီးတွဲ မီးပန်းထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကြွေသီးတွဲအသစ် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

    အဆိုပါ ကြွေသီးတွဲအသစ် အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ဓာတ်အားစနစ်  တည်ငြိမ်မှုကိုမြှင့်တင်နိုင်ပြီး၊ မလိုလားအပ်သည့် ဓာတ်အားပြတ်တောက်မှုများကို ကာကွယ် နိုင်မည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက် (တနင်္ဂနွေနေ့)၊ ၀၈:၀၀ နာရီမှ ၁၁:၀၀ နာရီ အထိ၊ (၃) နာရီကြာ ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်း‌ ဆောင်ရွက်နေစဉ်အတွင်း မိုင်းပျဉ်းမြို့၊ ကျိုင်းတုံမြို့၊ လွယ်မွေမြို့၊ မိုင်းခုတ်မြို့၊ မိုင်းဆတ်မြို့နှင့် မိုင်းခတ်မြို့များ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်းနှင့် ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာ ရုံးများ၊ ဆေးရုံများကို အသေးစားရေအားလျှပ်စစ်စက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုဖြင့် ဝန်အား ထိန်းညှိ ဖြန့်ဖြူးပေးထားမည်ဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်တောက်မည့် အခြေအနေများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် အများပြည်သူများကို ကြိုတင်အသိပေး အကြောင်း ကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

 

12-Jun-2026