The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် တရားမဝင်လျှပ်စစ်ဓာတ်အားရယူသုံးစွဲထားခြင်းအား လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ (၁၆.၆.၂၀၂၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် အတွင်း တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေး အတွက် မြောက်ပိုင်းခရိုင်/မြို့နယ်များတွင် စီမံချက်အစုအဖွဲ့(၂၄)အဖွဲ့ဖြင့် ရှောင်တခင် အသေးစိတ်ဝင်ရောက် စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် အသုံးပြုထားသော မီတာမှာ Cover Seal နှင့် Terminal Seal များ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

   ယင်းသို့ မသမာမှုဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အား  ၃၀၁,၄၃၄ ယူနစ် (ယူနစ် သုံးသိန်းတစ်ထောင် လေးရာသုံးဆယ့်လေး) နစ်နာဆုံးရှုံးခဲ့ရပါသည်။ ထိုကဲ့သို့ နစ်နာဆုံးရှုံးမှုအတွက် ဓာတ်အားခလျော်ကြေး၊ ဒဏ်ကြေးငွေကျပ် ၁၅၁,၀၁၇,၂၆၀/- (ကျပ် တစ်ရာငါးဆယ့်တစ်သန်း တစ်သောင်းခုနှစ်ထောင်နှစ်ရာ ခြောက်ဆယ်)အား (၁၉.၆.၂၀၂၆)ရက်နေ့တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ပေးဆောင် စေခဲ့ပြီး မီတာအား ချက်ချင်းဖြုတ်သိမ်း၍ လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် ရယူသုံးစွဲထားသည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မှော်ဘီမြို့နယ်မြို့မရဲစခန်း တွင် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ပါသည်။

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားတိုင်းဒေသကြီး/ပြည်နယ် များတွင်လည်း လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေမှုများကို Control Center မှ စောင့်ကြည့်စစ်ဆေး၍ သံသယ ဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့ သွားရောက်ပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စုံစမ်းဖော်ထုတ် အရေးယူခြင်း၊ ပြည်သူများ၏ တိကျစွာ သတင်းပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အားယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယင်းသို့ ဓာတ်အားခိုးယူသုံးစွဲမှုများအား ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မှာဖြစ်ပြီး ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား မသမာသုံးစွဲမှု များနှင့်ပတ်သက်၍ တိကျစွာ သတင်းပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။      

 

သတင်းစဉ်

Post under by : ဝန်ကြီးရုံး
22-Jun-2026